သတင်း

ဆက်ထားမယ့် အမေရိကန် ဆန်ရှင်က တချို့လွတ်ဖွယ်ရှိ

This article has been converted from Zawgyi One to Unicode

အမေရိကန် နိုင်ငံက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဆက်လက်ထားရှိသွားရန် စီစဉ်နေ သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်လာရန် ရည်ရွယ်၍ အပြောင်းအလဲ အချို့ ပြုလုပ်သွားမည် ဖြစ် ကြောင်း အမေရိကန် အစိုးရနှင့် လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ လက်ရှိ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများမှာ လာမည့် အပတ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

၁၉၇၇ ခုနှစ် နိုင်ငံတကာ အရေးပေါ် စီးပွားရေး အာဏာများ ဆိုင်ရာ အက်ဥပဒေ (The International Emergency Economic Powers Act of 1977-IEEPA) အရ ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို သက်တမ်းတိုးသည့် ကြေညာချက်တခုကို မေလ ၁၇ ရက်နေ့ တွင် ထုတ်ပြန်သွားရန် ရှိနေသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောသည်။ မေ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြားရေး ဝန်ကြီး John Kerry ၏ ခရီးစဉ် မတိုင်မီ ထုတ်ပြန် သွား မည်ဖြစ်သည်။

အမေရိကန်ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ သည် မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင် များဖြစ်ကြသည့် စစ်တပ် ခရိုနီများ အပါအဝင် လူပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ကျော် တားမြစ်ကန့်သတ်ထားသည်။ သို့သော် အိုဘားမားအစိုးရက အထွေထွေလိုင်စင်များ ထုတ်ပေးခြင်းအားဖြင့် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှု များအပေါ် ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သည်။

ယခု ပြောင်းလဲမည့် အရေးယူ ပိတ်ဆို့မှုများက တနိုင်ငံလုံး၏ စီးပွားရေးကို ထိခိုက်နစ်နာစေခြင်း မရှိသလို စစ်တပ်ကိုလည်း ထိန်းချုပ်နိုင်မည် ဆိုလျှင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြုပြင်မွမ်းမံထားသည့် အရေးယူ ပိတ်ဆို့မှုကို ထောက်ခံသွားမည်ဟု သိရသည်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သူခေါင်းဆောင်သော ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်သည် တိုင်းပြည်၏ ပြိုင်ဘက်မရှိ ခေါင်းဆောင် ဖြစ်လာခဲ့သော်လည်း နိုင်ငံ၏ စီးပွားရေးတွင် စစ်တပ်နှင့် ယခင်စစ်အစိုးရ၏ ခရိုနီများက ဆက်လက်ကြီးစိုးထားဆဲဖြစ်သည်။

ရာစုနှစ်ဝက်ခန့် နိုင်ငံတကာ၏ အပယ်ခံနိုင်ငံတခု ဖြစ်နေခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အရပ်သား အမည်ခံအစိုးရ အာဏာ ရရှိလာကာ ပြုပြင်ပြောင်းလဲရေး များစတင် ဆောင်ရွက်ခဲ့သည့် အတွက် အမေရိကန် အစိုးရကလည်း ကုန်သွယ်ရေး နှင့် ဘဏ္ဍာရေး ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများကို စတင်ဖယ်ရှားပေးခဲ့သည်။

ဒီဇင်ဘာလတွင် အမေရိကန် အစိုးရက ကုန်သွယ်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို ယာယီဖြေလျော့ ပေးခဲ့ပြီး မြန်မာ နိုင်ငံမှ လေဆိပ်နှင့် သင်္ဘောဆိပ်ကမ်းများမှ တဆင့် ကုန်စည်ပို့ဆောင်ခွင့် အားလုံးကို ၆ လ ခွင့်ပြုပေးခဲ့ပါသည်။

ယခုတကြိမ်တွင် တိတိကျကျ သတ်မှတ်ပေးထားသည့် ကုမ္ပဏီများကို အထွေထွေ လိုင်စင်များ ပိုမို ထုတ်ပေးဖွယ်ရာ ရှိနေပြီး အမေရိကန် ဘဏ္ဍာရေး ဌာန၏ အထူးကန့်သတ်ထားသော နိုင်ငံသားစာရင်းမှ လူပုဂ္ဂိုလ်အချို့ကို ပယ်ဖျက်ပေးဖွယ်ရာ ရှိသည်ဟု အမေရိကန် အစိုးရနှင့် လွှတ်တော် ဆိုင်ရာ တာဝန်ရှိသူများကပြောသည်။

နိုင်ငံခြားရေး ဝန်ကြီး John Kerry ၏ ခရီးစဉ်သည် နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ အနိုင်ရ၍ အာဏာရရှိ လာပြီးနောက်တွင် ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ယခင်စစ်အုပ်ချုပ်သူများက ရေးဆွဲခဲ့ သည့် အခြေခံဥပဒေအရ သမ္မတတာဝန် ထမ်းဆောင်နိုင်ခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးဖြင့် အာဏာကို ထိန်းချုပ်နိုင်ခဲ့သည်။

ရွေးကောက်ခံ အစိုးရ အဖြစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ တံခါးဖွင့်ခဲ့ခြင်းကို အမေရိကန် သမ္မတ အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုတခု အဖြစ်မြင်ခဲ့ကြသည်။ သူက မြန်မာနိုင်ငံသို့ လည်း ၂ ကြိမ်တိုင် သွားရောက်ခဲ့ပါသည်။ သို့သော်လည်း အမေရိကန် အစိုးရက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှ နောက်ကြောင်း ပြန်မသွားရန်နှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာရေး အတွက် ဖိအားပေးနိုင်ရန် သူတို့၏ တွန်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဆန္ဒရှိနေသည်။

အချို့နေရာများတွင် ဖြေလျှော့မှုများ ပြုလုပ်ပြီး အရေးယူပိတ်ဆို့မှုများ အတွက် ဥပဒေမူဘောင်များကို ပြန်လည်ပြု ပြင်ခြင်း အားဖြင့် သမ္မတ အိုဘားမားက ယနေတိုင် နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားသေးသည့် စစ်ဘက် အပေါ် ဖိအား ပေးမှုများကို ဆက်လက်ထိန်းချုပ်ရင်း ပုဂ္ဂလိက ကဏ္ဍတွင် ပိုမို အသက်ရှူချောင်လာအောင် ပြုလုပ်ပေးမည်ဖြစ်သည်။ လက်ရှိချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများက မေလ ၂၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။

အမေရိကန် အစိုးရက ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာနိုင်ငံမှ လူ့အခွင့် အရေးအခြေအနေများနှင့် ပတ်သက်၍ လည်း စိုးရိမ်မှုများ ဆက်လက်ရှိနေသည်။ အထူးသဖြင့် ရိုဟင်ဂျာ မူဆလင်များအပါအဝင် ဘာသာရေးနှင့် လူမျိုးရေး အရ လူနည်းစုဖြစ်သူများကို ဆန့်ကျင်သည့် ပဋိပက္ခများအပေါ်တွင် ဖြစ်သည်။

ကွန်ဂရက်လွှတ်တော်ရှိ ပါတီ ၂ ရပ်လုံးမှ ကိုယ်စားလှယ်များက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သမ္မတ အိုဘားမား၏ လှုပ်ရှားမှုက အလွန်လျှင်မြန်နေသည်ဟု ၎င်းတို့က ယူဆလျှင် တားဆီးမှုများ ပြုလုပ်လာနိုင်သည်။

ပြီးခဲ့သည့် လအတွင်းက လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အာရှရေးရာ ကော်မတီခွဲမှ Republican နှင့် Democratic ခေါင်းဆောင်များ ဖြစ်ကြသည့် အထက်လွှတ်တော် အမတ် Cory Gardner နှင့် Ben Cardin တို့က လူ့အခွင့် အရေး အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြထားသည့် စာတစောင်ကို နိုင်ငံခြားရေး ဝန်ကြီး John Kerry နှင့် ဘဏ္ဍာရေး ဝန်ကြီး Jack Lew တို့ထံသို့ ပေးပို့ခဲ့သည်။ အဆိုပါ စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် ကွန်ဂရက် လွှတ်တော်နှင့် ပူးပေါင်းဆောင် ရွက်ရန်လည်း အစိုးရကို တောင်းဆိုခဲ့သည်။

“ခင်ဗျားလိုပါပဲ၊ ကျနော်တို့ကလည်း အမေရိကန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းမှာ အခိုင်မာဆုံးထောက်ခံသူ ဖြစ်ဖို့ သေချာချင်ပါတယ်” ဟု Ruters မှ မြင်တွေ့ခဲ့ရသည့် အဆိုပါစာတွင် ဖော်ပြထားသည်။

အရေးယူပိတ်ဆို့မှုများကို အပြောင်းအလဲ အနည်းငယ်ပြုလုပ်၍ သက်တမ်းတိုးခြင်းကို ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံသည်ဟု အမည်မဖော်လိုသူ အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောသည်။ သူနှင့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတခုလုံးကို မထိခိုက်စေဘဲ စနစ်တကျ ဦးတည်ချက်ထားသည့် ကုန်သွယ်ရေးဆိုင်ရာ ထိန်းချုပ် မှုများ မည်ကဲ့သို့ ပြုလုပ်သွားမည် ဆိုသည်ကို အလေးပေး ခဲ့ကြောင်း၊ သို့သော်လည်း စစ်တပ်ပိုင် အဖွဲ့ အစည်းများကို ဆက်လက်ဖိအားပေးသွားမည် ဖြစ်ကြောင်း သူတို့က ပြောသည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအပေါ် ကျနော်တို့ရဲ့ ထောက်ခံမှုကို ပြသရေး အတွက် နည်းလမ်းရှာဖွေနေပါတယ်။ ကျနော်တို့က သူတို့ အောင်မြင်ဖို့ စီးပွားရေးတိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲရေး တွေ ဆောင်ရွက်နိုင်ဖို့ သေချာစေရေးအတွက် လိုအပ်မယ့် အဆင့်တွေအတိုင်း သွားနေပါတယ်” ဟု အမေရိကန် အစိုးရ တာဝန် ရှိသူ တဦးက Reuters သို့ ပြောသည်။

“တချိန်ထဲမှာပဲ ကျနော်တို့က ကောင်းမွန်ပြီး ချင့်ချိန်မှုရှိတဲ့ လမ်းကြောင်းတခု၊ အဲဒါက မှန်ကန်စွာ ရှေ့ဆက် သွားနေတာကို တုန့်ပြန်တဲ့နေရာမှာ ပြောင်းလွယ်ပြင်လွယ်ရှိမှုနဲ့ ရွေးချယ်စရာ အများကြီးပေးမယ့် လမ်းတခု အတိုင်း ကို ကျနော်တို့ လုပ်ချင်ပါတယ်။”

တရုတ်နိုင်ငံက အာရှတွင် သြဇာလွှမ်းမိုးမှုမြင့်တက်လာသည်ကို တုန့်ပြန်ရာတွင် အထောက်အကူရစေရန် နှင့် ကမ္ဘာတွင် နောက်ဆုံး ကျန်နေသည့် ဈေးကွက်တခု ဖွင့်လှစ်လာသည့် အချိန်တွင် အခွင့်အရေး ရရှိနိုင် အတွက် အမေရိကန် နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တိုးချဲ့ ရန် စိတ်ဆန္ဒပြင်းပြနေသည်။

အမေရိကန် ဘဏ္ဍာရေး ဌာနမှ အရေးယူပိတ်ဆို့မှုဆိုင်ရာ အကြီးတန်း အကြံပေးဟောင်း Peter Kucik က ဘဏ်လုပ်ငန်း ဆိုင်ရာ အရေးယူပိတ်ဆို့မှု အချို့ကို အမေရိကန်နိုင်ငံက ၂၀၁၂ ခုနှစ်ကတည်းက ဖြေလျှော့ပေးခဲ့သော်လည်း မြန်မာနိုင်ငံ နှင့် ငွေကြေးအလွှဲ အပြောင်းများက ခက်ခဲနေဆဲ ဖြစ်သည်ဟု ပြောသည်။

“အပြောင်းအလဲတွေက ကြေညာထားတဲ့ နောက်ဆုံး ရည်မှန်းချက်ကို အားလုံးရောက်ဖို့ပါ့မလားလို့ ကျနော် သံသယဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ရည်ရွယ်ချက်က ၂ နိုင်ငံကြားက စီးပွားဆက်သွယ်ရေးကို မြှင့်တင်ဖို့ ပိုမိုလွယ်ကူအောင် လုပ်ဖို့နဲ့ စိုးရိမ်ပူပန်စရာတွေကို သတိပေးရင်း ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်အောင် တွန်းအားပေးဖို့ ၂ မျိုးလုံး ယှဉ်တွဲနေတာကြောင့်ပါ” ဟု သူကပြောသည်။

Loading