အမေရိကန်အနေဖြင့် ဗီယက်နမ်နိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကို လျင်မြန်စွာ ရုပ် သိမ်းမည်ဆိုပါက ကြိုဆိုကြောင်း ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသာပတေးနေ့က ပြော လိုက်တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။
လာမည့် မေလ ၂၂ ရက်နေ့ အမေရိကန်သမ္မတ အိုဘားမား ဗီယက်နမ်နိုင်ငံသို့ ၃ရက်ကြာလာ ရောက် မည်ဖြစ်ရာ ထိုခရီးစဉ်အတွင်း လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကို ပြန်လည် သုံးသပ်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့တောင်အာရှရေးရာ အကြီးအကဲ Daniel Russel၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ပြောဆိုခြင်းဖြစ်ပါတယ်။
လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခြင်းအားဖြင့် အမေရိကန်နဲ့ ဗီယက်နမ် အကြား ယုံကြည်မှု ပိုမိုရလာမှာဖြစ်သလို ဗီယက်နမ်နိုင်ငံအနေနဲ့လည်း မိမိကိုယ်မိမိ ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုရာရောက်တယ်လို့လည်း ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဒီလို လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက လူသိရှင်ကြား ထုတ်ဖော် မပြောပေမယ့်လည်း ဗီယက်နမ်ရဲ့ လူ့အခွင့်အရေးတိုးတက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ Reuters က ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်နေတဲ့ ကာကွယ်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲမှာ အမေရိကန် လက်နက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ ဘိုးရင်း နဲ့ လော့ဟိခ် မာတင်စတဲ့ ကုမ္ပဏီကြီးတွေ တက်ရောက်နေပါတယ်။
တောင်တရုတ်ပင်လယ်ပြင်က စပတ်တလီကျွန်း အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အငြင်းပွားနေတဲံ ဗီယက်နမ်ဟာ ရုရှားထံမှ လက်နက်တွေ ဖြည့်တင်းနေရပေမယ့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများထံမှ လေယာဉ်၊ ရဟတ်ယာဉ်နှင့် ရေတပ် သင်္ဘောများ ပိုမိုဝယ်ယူရန်ပြုလုပ် လျှက်ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကတော့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး Phung Quang Thanh နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton Carterတို့ဟာ ဟနွိုင်းမြို့မှာ တွေ့ဆုံကာ တချိန်က ရန်သူတွေဖြစ်ခဲ့ကြတဲ့ ဗီယက်နမ်နဲ့ အမေရိကန်တို့ဟာ နှစ်နိုင်ငံ စစ်ရေးပူး ပေါင်းမှု တိုးမြှင့်ဖို့ သဘောတူခဲ့ပြီး ဗီယက်နမ်ရေတပ်အတွက် ကမ်းခြေကင်းလှည့်ရေယာဉ်တွေ ဝယ်ယူရာမှာ သုံးစွဲဖို့ အမေရိကန်က ဒေါ်လာ ၁၈သန်း ထောက်ပံဖို့ သဘောတူခဲ့ပါတယ်။