ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရက်ဌာနီခရိုင်၊ စီချုံမြို့နယ်က ငါးဖမ်းလှေတစီးကို မေလ ၁၅ ရက်နေ့က ထိုင်းအာဏာပိုင်များနှင့် မြန်မာသံရုံး အဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ငါးဖမ်းလုပ်သားအဖြစ် ရောင်းစားခံထားရသော မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန(DSI)၊ လူကုန်ကူးမှု အထူးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (AHTD)၊ နယ်မြေခံ ရဲတပ်ဖွဲ့ နှင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီ အဖွဲ့ဝင်ဖြစ်သည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) တို့ပူးပေါင်းကာ ငါဖမ်းစက်လှေပေါ်မှ လူကုန်ကူးခံထားရသော မြန်မာများကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့၏ ဒါရိုက်တာ ဦးကျော်သောင်း က “ရောင်းစားခံထားရတဲ့ မြန်မာအလုပ်သမားတွေက ဧပြီလလောက်ကတည်းက ကျနော်တို့ကို ဆက်သွယ်ထားတာ။ အဲဒါကို ကျနော်တို့က သံရုံးနဲ့ တိုင်ပင်ပြီး သေချာစီစဉ်ပြီးမှ DSI တို့ AHTD တို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ။ မနေ့က လှေက ထွက်တော့မယ့် ဆဲဆဲ ပူးပေါင်းအဖွဲ့တွေက Speed Boat နဲ့ လိုက်ပြီး အချိန်မီကယ်တင် နိုင်ခဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လွတ်မြောက်လာသည့် မြန်မာ ၁၃ ဦးတွင် အသက် ၂၁ နှစ်မှ ၆၃ နှစ်အရွယ်အထိ ပါဝင်ပြီး အဆိုပါငါးဖမ်းလှေတွင် အနည်းဆုံး ၁ နှစ်မှ ၃ နှစ်အထိ အခကြေးငွေ မရရှိဘဲ အလုပ်လုပ်ခဲ့ကြရကြောင်း၊ အလုပ်သမား အခွင့် အရေးများ ခံစားခွင့်မရသည့် အပြင် ငါးဖမ်းလှေပေါ်တွင် နှိပ်စက်ညှင်းပန်းခြင်းများ ခံခဲ့ကြရသည်ဟု လွတ်မြောက်လာသူများက ပြောသည်။
ငါးဖမ်းလှေကို စီးနင်းဖမ်းဆီးပြီးသည့်နောက် လှေပိုင်ရှင်က မြန်မာအလုပ်သမား ၁၃ ဦးကို လုပ်ခလစာ တလလျှင် ထိုင်းဘတ် ၇၅၀၀ (မြန်မာကျပ် ၂ သိန်း) နှုန်းဖြင့် ငါးဖမ်းလှေပေါ်တွင် အလုပ်လုပ်ခဲ့သည့် သက်တမ်းအလိုက် အပြည့်အ၀ ပေးချေခဲ့ပြီး ၎င်းတို့ကို မြန်မာ သံရုံးက မေလ ၁၇ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှတဆင့် မြဝတီ ဘက် သို့ လွှဲပြောင်း ပို့ဆောင် ပေး သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
လူကုန်ကူးခံခဲ့ရသော အသက် ၆၃ နှစ်အရွယ် ဦးလှမြင့် က “ကျနော်အဲဒီလှေကိုလိုက်တာ ၂ နှစ်နဲ့ ၈ လရှိပြီ၊ လစာ တပြားမှ မရဘူး။ တခါတလေ ကမ်းကပ်ရင် ဆေးလိပ်ဖို့ ဘတ် ၁ ရာ၊ ၂ ရာ ဒီလောက်ပဲပေးတယ်။ လခရယ်လို့မပေးဘူး။ အခုတော့ တလ ၇၅၀၀ နဲ့ ကျနော်တို့ကို ရှင်းပေးလိုက်ပါပြီ။ မနက်ဖြန် ကျနော်တို့ မြန်မာပြည်ပြန်ကြမှာပါ။ ကျနော်က အသက်လည်း ကြီးပြီ။ နားကလည်း လေး၊ အလုပ်လည်း မလုပ်နိုင်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရောင်းစားခံခဲ့ရသော မြန်မာ ၁၃ ဦးမှာ အဆိုပါ ငါးဖမ်းလှေပေါ်တွင် သူဌေးနှင့် လှေကို ကြီးကြပ်ကွပ်ကဲသူများက သစ်သားတုတ်၊ ကြိမ်လုံး၊ လိပ်ကျောက်မှီး၊ သံရိုက်တူ တို့ဖြင့် ရိုက်နှက် ခံရခြင်းများပြုလုပ်ခံခဲ့ရသကဲ့သို့ ထိုးကြိတ်၊ ကန်ကျောက်ခြင်းများလည်း ခံခဲ့ရကြောင်း ငါးဖမ်း အလုပ်သမားတဦးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုရဲ က ဧရာဝတီသို့ ပြောသည်။
“ကျနော့်ရှေ့မှာတင် သူဌေးက ရိုက်သွားတာ တော်တော်များတယ်။ များသောအားဖြင့် လိပ်ကျောက်မှီးနဲ့ သစ်သားတုတ်နဲ့ ရိုက်တာများတယ်။ ကျနော်တောင် စကားတခွန်း ပြန်ပြောမိလို့ ကျနော့်ကို ၄ ယောက် ဝိုင်းရိုက်တာ ၁၅ ရက်လောက် အလုပ် မလုပ်နိုင်လို့ တွဲလှေမှာပို့ထားတယ်။ ထွက်ပြေးတဲ့ နှစ်ယောက်ပြန်လာတော့လည်း သူဌေးက ကျနော့်ကို တူနဲ့ ထုတာ ကျနော် မေ့သွားတယ်။ ထပ်ပြီး ဝိုင်းရိုက်တဲ့ အကြောင်း သူငယ်ချင်းတွေပြန်ပြောလို့သိတာ” ဟု ဆိုသည်။
အဆိုပါ ငါးဖမ်းလှေပိုင်ရှင်သည် မြန်မာအလုပ်သမားများအပေါ် နှိပ်စက်ခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်း တို့ကြောင့် အပြစ်ရှိသော်လည်း အမှုဖွင့်လျှင် လနှင့်ချီသော ရုံးချိန်းရက်များကို စောင့်ရင်း လွတ်မြောက်လာသူ မြန်မာ အလုပ်သမား ၁၃ ဦး အိမ်ပြန်ချိန်နှောင့်နှေးနေမည် စိုးရိမ်သဖြင့် ငါးဖမ်းလှေပိုင်ရှင်ကို အမှုဖွင့် အရေးယူမှုများ ပြုလုပ်မည်မဟုတ်ကြောင်း MAT အဖွဲ့၏ ဒါရိုက်တာ ဦးကျော်သောင်း က ပြောသည်။
“သူတို့ရထားတဲ့ လစာလေးတွေ ယူပြီး မိသားစုနဲ့ အမြန်ပြန်နေလိုက်တာပိုကောင်းပါတယ်။ အမှုဖွင့်ရင် ရုံးချိန်းစောင့်တာနဲ့ ဒီပိုက်ဆံတွေကုန်သွားမယ်။ ထိုင်းရဲတွေကရော ဒီသူဌေးကို ထိထိရောက်ရောက် အရေးယူပါ့မလားဆိုတာ သံသယရှိလို့။ ဘာကြောင့်လဲဆိုရင် ကျနော်ဒီလိုမျိုးကယ်တင်မှုပေါင်းမနည်းတော့ဘူး။ ဒါပေမယ့် ထိုင်းသူဌေး တယောက်မှ အရေးယူ ခံရတာ မတွေ့ဘူးလို့” ဟု ဦးကျော်သောင်း က ပြောသည်။
MAT အဖွ့ဲသည် ပင်လယ်ပြင် ငါးဖမ်းလှေများအပါအဝင် ထိုင်းနိုင်ငံ အတွင်း ရောင်းစားခံနေရသည့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများကို ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကယ်တင်နေသည့် အဖွဲ့ဖြစ်ပြီး ယခု အကြိမ်အပါအဝင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ မေလ လယ်အတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၆၇ ဦး ကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ ဦး နှင့် ၂၀၁၅ ခုနှစ်တွင် ၁၇၄ ဦးတို့ကို MAT အဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။