သတင်း

ဖားကန့် ကျောက်စိမ်းကုမ္ပဏီ ၂ ခု မိုင်းဖြင့် ဖောက်ခွဲခံရမှု ဖြစ်ပွား

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းရှိ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ ၂ ခုသည် မိုင်းများဖြင့် မေလ ၁၅ ရက် ညက ပစ်ခတ် ဖောက်ခွဲ ခံခဲ့ရသဖြင့် လုပ်ငန်းများ ယာယီ ရပ်နားထားရကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီ ၂ ခုမှာ လုံးခင်းမြို့နယ် မှော်ဆီစာရပ်ကွက် အတွင်းရှိ ရတနာမိုးမြင့် ကုမ္ပဏီနှင့် လင်းထက်အောင် ကုမ္ပဏီတို့ ဖြစ် သည်ဟု မှော်ဆီစာရပ်ကွက် သာယာကုန်း အုပ်ချုပ်ရေးမှူး ဦးလမာတူးဂျာက ဧရာဝတီ ကို ပြောသည်။

ဦးလမာတူးဂျာက “မနေ့က ည ၈ နာရီကျော်လောက် ဆိုင်ကယ်နဲ့ လူ ၈ ယောက်လောက် ကုမ္ပဏီဝင်းတွေထဲ ဝင်လာပြီး လူတွေ ကို ဘေးစုကပ်ခိုင်းတယ်။ ပြီးတော့ တိပ်တွေ နဲ့ ပတ်ထားတဲ့ လက်လုပ်မိုင်းတွေကို မီးရှို့ပြီး ပစ်တယ်”ဟု ပြောသည်။

လက်လုပ်မိုင်းများဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ကုမ္ပဏီဝင်း အတွင်းရှိ ကျောက်စိမ်း တူးဖော်ရေး စက်ယန္တရား တချို့ မီးလောင်ခဲ့ပြီး အခြား ပျက်စီးသွားသည့် စာရင်းများကိုမူ အတိအကျ ပြောဆိုခြင်း မရှိသေးပေ။

ထို့အပြင် မိုင်းပေါက်ကွဲသံ ကြားသဖြင့် ရတနာမိုးမြင့် ကုမ္ပဏီမှ တာဝန်ခံ ၁ ဦး ကားဖြင့် ကုမ္ပဏီဝင်းသို့ ရောက်ရှိလာချိန်တွင် လက် လုပ် မိုင်းများဖြင့် ပစ်ခတ်သူတို့က အဆိုပါ တာဝန်ခံကို ကားပေါ်မှ ဆွဲချလိုက်ပြီး ကားကို ဗုံး ၁ လုံး ဖြင့် ဖောက်ခွဲလိုက်သည်ဟု လည်း ဦးလမာတူးဂျာက ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “အဲ့ဒီ တာဝန်ခံရဲ့ ကားကတော့ လုံးဝ ပျက်စီးသွားတယ်။ သူ့ကားထဲကို ဗုံးပစ်လိုက်တာ”ဟုလည်း ပြောသည်။

ကုမ္ပဏီ ၂ ခုတွင် လုပ်ကိုင်နေသည့် အလုပ်သမား ၂၀၀ ကျော်သည် ကုမ္ပဏီဝင်းများ အတွင်း မနေထိုင်ရဲတော့သဖြင့် မေလ ၁၅ ရက် ညကပင် သာယာကုန်းကျေးရွာ၌ လူဦးရေ ၆၀ နှင့် အမှိုက်ပုံကျေးရွာတွင် လူဦးရေ ၁၀၀ ကျော်ကို ည အိပ်ရန် နေရာများ စီစဉ် ပေးခဲ့ရသည်ဟုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ပွားထားသည့် နေရာများကို ဖားကန့်မြို့နယ်ရှိ တပ်မတော်အရာရှိများက လာရောက် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတခုမှ တာဝန်ခံ ဦးမောင်မောင် ဆိုသူက ပြောသည်။

၎င်းက ကုမ္ပဏီဝင်းများ အတွင်းသို့ ဝင်၍ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်ခဲ့သည့် သူများသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိသေ းကြောင်းလည်း ပြောပြသည်။

မိုင်းဖြင့် ပစ်ခတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ဖားကန့်မြို့နယ်ရှိ ဒုရဲအုပ် သက်ဇော်ဦးက“ကျနော်တို့ အပိုင်မဟုတ်တော့ ဘယ်လို ဆက်ဆောင်ရွက်မလဲ မသိပါဘူး။ အဲဒီဘက်က သက်ဆိုင်ရာ လူတွေ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ကုမ္ပဏီ နှစ်ခု၏ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များ ယာယီရပ်နားထားသဖြင့် ရေမဆေးကျောက် ရှာဖွေသည့် အလုပ် သမားများက မေလ ၁၆ ရက် နံနက်ပိုင်းမှစ၍ ကျောက်ရှာဖွေခြင်းများ ဝင်ရောက် ပြုလုပ်နေသည်ဟု သိရသည်။

ကုမ္ပဏီလုပ်ကွက်များသည် အစိုးရနှင့် စာချုပ် ချုပ်၍ လုပ်ကိုင်နေသဖြင့် ရေမဆေးသမားများ ဝင်ရောက်ခွင့် မရှိသော်လည်း ၎င်းတို့ အလုပ်အကိုင် အခွင့်အလမ်း မရှိသဖြင့် တောင်းဆိုမှုများ ပြုခဲ့ခြင်းကြောင့် ဧပြီလမှ စတင်၍ ကုမ္ပဏီမှ ကျောက်ရှာဖွေခြင်း ခေတ္တရပ် နားသည့် ညနေ ၅ နာရီ နောက်ပိုင်းတွင် ဝင်ရောက် ရှာဖွေခွင့် ပြုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မေလ ၈ ရက်ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ လူသွားလာမှုများသည့် ကျောက်စိမ်းတောင် တံတား၊ ဆုထူးပန် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ၊ ဆိပ်မူ အုပ်စုအတွင်းရှိ တပ်မတော်၊ တပ်စခန်းများရှိရာနှင့် ရဲကင်းရှိရာ နေရာများ အနီးတွင် မိုင်း ၅ လုံး ပေါက် ကွဲခဲ့ပြီး အရပ်သား တဦး ဒဏ်ရာ ရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများသည် ကျောက်စိမ်းများကို အလွန်အကျွံ တူးဖော်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ စက်ယန္တရားများကြောင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေခြင်း တို့ကြောင့် ဒေသခံများ၏ ဆန္ဒပြမှုများလည်း မကြာခဏ ဖြစ်ပွားနေပြီး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိရန်လည်း နိုင်ငံရေး အသိုင်းအဝိုင်းများကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိနေ သည်။

၂၀၁၅ ခုနှစ် သတ္တုတွင်း ဝန်ကြီးဌာနက လွှတ်တော်တွင် ပြောဆိုချက်အရ ဖားကန့်မြို့နယ်တွင် ကုမ္ပဏီ ၆၂၇ ခုကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက် ၊ ကုမ္ပဏီ ၂၃၀ ကို အစိုးရနှင့် အကျိုးတူ လုပ်ကွက် ၃၁၁ ကွက် ချထားပေးပြီး ကျောက်စိမ်းတူးဖော်ခွင့် ပြုထားသည် ဟု သိရသည်။

Loading