ကိုးကန့်ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်ရန် တရုတ် နယ်စပ်အာဏာပိုင်များက အမိန့်ထုတ်လိုက်ပြီး ညွှန်ကြားချက်ကို မလိုက်နာပါက ပြည်နှင်ဒဏ်ပေးရန် ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်း ၂ နိုင်ငံ နယ်စပ်တွင် နေထိုင်သူများ၏ ပြောဆိုချက်များအရ သိရသည်။
“မေလ ၁၂ ရက်နေ့က တရုတ်အာဏာပိုင်တွေ ရောက်လာပြီး နေအိမ် ၅၀ လောက်ကို မီးရှို့ခဲ့တယ်၊ သူတို့ကို နယ်စပ်မှာ နေခွင့်ပြုတော့မှာ မဟုတ်ဘူး” ဟု မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ ဗျူဟာမှူး စိုင်းလောဝ်က ပြောသည်။
၂၀၁၅ ခုနှစ် အစောပိုင်းတွင် MNDAA နှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ကိုးကန့်လူမျိုး အများဆုံးပါဝင်သော လူပေါင်း ၁ သိန်းကျော်မှာ တရုတ်နယ်စပ်တလျှောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
“တရုတ်နယ်စပ် အာဏာပိုင်တွေက အိမ်တွေကို မဖျက်ဆီးခင် ဓာတ်ပုံတွေ ရိုက်တယ်။ ဒုက္ခသည်တွေကို ဒီကထွက်သွားဖို့ ပြောတယ်။ အဲလိုမှ မလုပ်ရင် သူတို့အဖမ်းခံရပြီးတော့ မြန်မာပြည်ကို ပြန်ပို့ခံရလိမ့်မယ်” ဟု ဗျူဟာမှူး စိုင်းလောဝ် က ဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်းသို့ ရောက်ရှိနေသည့် ကိုးကန့်ဒုက္ခသည် အများစုမှာ မြန်မာစကား မပြောတတ်သည့်အတွက် မြန်မာပြည်သို့ ပြန်ရန် ကြောက်ရွံနေကြောင်း သူက ရှင်းပြသည်။
ဒုက္ခသည်စခန်း၌ နေထိုင်သည့် ဒုက္ခသည် ဦးအောင်ကျော်မြင့်က “သူတို့ရောက်လာပြီး မနက် ၆ နာရီက ၁၁ နာရီ လောက်အထိ ကျနော်တို့ အိမ်တွေကို ဖျက်ဆီးခဲ့တယ်။ တချို့လည်း ဆွေမျိုးအိမ်၊ တချို့က တောထဲမှာ ပုန်းတယ်၊ တချို့က မြန်မာပြည် ပြန်တယ်၊ တရုတ်နယ်စပ် အာဏာပိုင်က အကြမ်းမဖက်ချင်ဘူး၊ ဒါပေမယ့် အထက်အမိန့် အတိုင်းလုပ်ရတာလို့ ပြောတယ်” ဟု ဆိုသည်။
လတ်တလော အခြေအနေများ တည်ငြိမ်မှု မရှိသေးသည့်အတွက် ပြန်ရန် မဖြစ်နိုင်သေးကြောင်း ဦးအောင်ကျော်မြင့်က ဆက်ပြောသည်။
ပြီးခဲ့သည့်လက ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း (Shan Human Rights Foundation) က ထုတ်ပြန်သော အစီရင်ခံစာ တစောင်တွင် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ရှိ ပြောင်းရွေ့စခန်းများ၌ ဒုက္ခသည်ပေါင်း ၂ သောင်းတို့ နေထိုင်ကြဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေမှူးရုံးက ဖော်ပြသော ဒုက္ခသည် အရေအတွက် ဦးရေ ၄ ထောင်ထက် များပြားနေကြောင်းဆိုသည်။
MNDAAမှ ဗျူဟာမှူး စိုင်းလောဝ်ကတော့ “သူတို့မှာ စားစရာလည်း မရှိတော့ဘူး။ နေစရာလည်း မရှိတော့ဘူး။ မိုးရာသီကလည်း မကြာခင် ရောက်တော့မယ်။ သူတိုတွေ ထွက်သွားရမယ်။ ဒါပေမဲ့ သွားစရာနေရာ မရှိကြဘူး။ အဲဒီတော့ တောထဲကိုပဲ ပြေးကြရလိမ့်မယ်” ဟု ဆိုသည်။