သတင်း

ရန်ကုန်မြို့သစ် စီမံကိန်း နေရာပြောင်း စတင်ရန် ပညာရှင်များ တိုက်တွန်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ကို တိုးချဲ့ရာတွင် စီမံကိန်းဖော်ဆောင်သော အိမ်ခြံမြေ လုပ်ငန်းရှင် များ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးထက် ပြည်သူများ၏ လိုအပ်ချက်များ ပြည့်မီရေးကို အဓိကထားဆောင်ရွက်ရန် မြို့ပြ စီမံကိန်း ကျွမ်းကျင်သူများက တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ရန်ကုန်မြို့၏ အရှေ့မြောက် စီမံကိန်းကို ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အကြံပြုထားကြောင်း YCDC ၏ မြို့ပြ စီမံကိန်းနှင့် မြေယာစီမံ ခန့် ခွဲ့ရေးဌာနမှူး ဒေါက်တာတိုးအောင်က ဆိုသည်။

မြေဧက ၁၇၀၀၀ ကျော် ကျယ်ဝန်းသော အရှေ့မြောက် စီမံကိန်းသည် လူဦးရေနည်းပါးပြီး ဆောက်လုပ်ရေးဆိုင်ရာ စက်ပစ္စည်းများနှင့် ပစ္စည်းကိရိယာများသယ်ဆောင်ရန် လမ်းပန်းဆက်သွယ်ရေးလည်း ပိုမိုကောင်းမွန်ကြောင်း ဒေါက်တာ တိုးအောင်ကပြောသည်။ ထို့ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ကုန်မြို့နှင့် လှိုင်မြစ် ခြားနားကာ တည် ရှိနေပြီး ကြည့်မြင်တိုင် တဖက်ကမ်းရှိ အနောက်တောင်ပိုင်းထက် ယှဉ်လျှင် ရှုပ်ထွေးမှု နည်းပါးလိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

“အရှေ့မြောက်က နေထိုင်သူတွေအတွက် ပိုအကျိုးရှိလိမ့်မယ်။ မြေအလျော်အစားကိစ္စတွေက ကြည့်မြင်တိုင် တဖက်ကမ်းလောက် မများနိုင်ဘူး။ အစိုးရမြေတွေ များတယ်” ဟု ဒေါက်တာတိုးအောင်က ဧရာဝတီကို ပြောသည်။ ဒေါက်တာတိုးအောင် ပြောဆိုသော ရန်ကုန်အရှေ့မြောက်ပိုင်းတွင် လတ်တလော မြို့သစ်တိုးချဲ့စီမံကိန်းအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တန်ဖိုးနည်း အိမ်ယာများ ဆောက်လုပ်လျက်ရှိသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ Greater Yangon Strategic Plan 2040 စီမံကိန်း တွင် ရန်ကုန် မြို့၏အရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊ သန်လျင်မြို့နယ်၊ ဒလမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီ မြို့နယ်၊ လှည်းကူးမြို့နယ် အစရှိသဖြင့် စုစုပေါင်း ၇ ပိုင်း ခွဲခြားထားကာ ဖွံ့ဖြိုးမှုများဆောင်ရွက်ရန် အကြံပြုထားပြီး ရန်ကုန်မြို့နေ လူဦးရေသည် ၂၀၄၀ ခုနှစ်တွင် ၁၀ သန်းအထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားခဲ့သည်။ JICA ၏ အကြံပြုချက် များအရ အရှေ့မြောက်ပိုင်းဇုံ ဖွံ့ဖြိုးတိုးတက်ရေးကိုပ ထမဆုံးဦးစားပေး ဆောင်ရွက်သင့်ကြောင်း YCDC က ရန်ကုန်တိုင်း လွှတ်တော်သို့ ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်းက အဆိုပြုခဲ့ဖူးသည်။

မြို့ပြစီမံကိန်းရေး ကျွမ်းကျင်ပညာရှင်တဦး ဖြစ်သည့် ဦးသံမိုးကလည်း အစိုးရအနေဖြင့် မြို့သစ်စီမံကိန်းများကို ပြည်သူများ အတွက် အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများနှင့် နီးသောဧရိယာများတွင် ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် စီမံကိန်း အကောင်အထည် ဖော်သည့် လုပ်ငန်းရှင်များ၏ အကျိုးအမြတ်အတွက် မဟုတ်ဘဲ ဒေသခံပြည်သူများ၏ လူမှုဖူလုံရေးကို အဓိကပူပန်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“မြို့သစ်စီမံကိန်းဆိုတာ Developer ကို ပေးရတာမဟုတ်ဘူး။ အစိုးရက Policy ဆွဲ၊ စီမံကိန်းဆွဲပြီးမှ Developer တွေကို လုပ်နိုင်မလား။ အစိုးရက အရင်ဆုံးအသေးစိတ် Planning ကို အရင်ချရမယ်။ Action Plan ကို အရင်ချရမယ်။ ဒီအတိုင်း တင်ဒါခေါ်ရမယ်” ဟု ဦးသံမိုးက ပြောသည်။

ပညာရှင်များ၏ အကြံပြုချက်အတိုင်း မဟုတ်ဘဲ ယခင်အစိုးရက ဦးစားပေးဆောင်ရွက်ခဲ့သည့် အနောက်တောင် မြို့သစ် စီမံကိန်းသည် အရင်ဦးဆုံး ဖော်ဆောင်သင့်သည့် စီမံကိန်းတခု မဟုတ်ကြောင်း ဦးသံမိုးက ပြောသည်။ မြို့သစ်များ ဖော်ဆောင်ရာတွင် ဖော်ဆောင်မည့်နေရာ၏ ရေ၊ မီးအနေအထားကို အထူးဂရုပြုကာ ဖော်ဆောင်မည့် မြို့သစ်အတွက် ရေနှင့် မီး ထောက်ပံ့ရေးနည်းလမ်းများကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း ဦးသံမိုးက ဆက်လက် ပြောဆိုသည်။

အနောက်တောင်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက စတင် တင်ဒါဖွင့်ပေးခဲ့သည့် အချိန်မှစကာ လွန်ခဲ့သည့် ၂ နှစ် အတွင်း အခြေခံအဆောက်အဦဆိုင်ရာထက် အငြင်းပွားဖွယ်ရာ လုပ်ပိုင်ခွင့်ချထားပေးမှုများက ဖုံးလွှမ်းထားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရန် ပထမဦးဆုံးအနေဖြင့် တဦးတည်း ကန်ထရိုက် ရရှိခဲ့သည်။ ထိုကုမ္ပဏီကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေနှင့် နီးစပ်သော လူသိနည်းသည့် တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင် ၂ ယောက် ဖြစ်သည့် ရှောက်ပန်း နှင့် ရှောက်စမ်းတို့က ပိုင်ဆိုင်သည်။ အဆိုပါ စီမံကိန်းအတွက် တင်ဒါလုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှု နည်းပါးသောကြောင့် လူထုက ဆန့်ကျင်ကန့်ကွက် ခဲ့ပြီး ၂၀၁၄ခုနှစ် ဇွန်လတွင် ယင်းစီမံကိန်းကို ရပ်တန့်ရန် မြို့တော်က ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ယင်းစီမံကိန်းအတွက် တင်ဒါ နောက်တကြိမ် ဖိတ်ခေါ်ခဲ့ရာ ကုမ္မဏီသုံးခုက အနိုင်ရခဲ့သည်။ ယင်းကုမ္မဏီသုံးခုမှာ ရန်ကုန်အနောက်တောင်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ ရွှေသံလွင် စီးပွားရေး လုပ်ငန်းစု၏ လက်အောက်ခံဖြစ်သော Shwe Popa Internationational Construction Company၊ ထင်ရှားသော ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးမောင်ဝိတ် ဦးဆောင်သော Business Capital City Development တို့ဖြစ်သည်။ ရန်ကုန်အနောက်တောင်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္မဏီမှာ ပထမအကြိမ်က တင်ဒါအနိုင်ရခဲ့သော တရုတ်လူမျိုး စီးပွားရေးသမား ၂ ဦး၏ ကုမ္မဏီဖြစ်သည်။

သို့သော်လည်း တင်ဒါအောင်မြင်ခဲ့သည့် ဇန်နဝါရီလကတည်းကစ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းများ မတွေ့ရှိ ရသေးပါ။

လမ်းတံတားများနှင့် အခြားအခြေခံအဆောက်အအုံများ တည်ဆောက်ပြီးသွားမှသာ အဆိုပါ အနောက်တောင် စီမံကိန်းကို အကောင်အထည်ဖော်ရန် စဉ်းစားသင့်ကြောင်း ဒေါက်တာတိုးအောင်က ဆိုသည်။

“အဲဒီဘက်ကိုသွားဖို့ လောလောဆယ် တံတားမှ မရှိတာ။ အဲဒီနေရာမှာ သွားလုပ်ရင် လှိုင်သာယာဘက်ကနေ သွား ကူးရမယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ ဘာတွေကအစ လှိုင်သာယာဘက်ကနေ ကူးပြီးတော့ ကုန်ကျစရိတ် ပိုများတာပေါ့။ တံတားတွေ ဆောက်ပြီးတာနဲ့ အလိုလိုနေရင်း အဲဒီနေရာတွေကဖွံ့ဖြိုးရေးလုပ်ဖို့ လွယ်လာမယ်” ဟု သူက ပြောသည်။

“ဆိုင်းငံ့ထားသင့်တယ်။ ဘာမှ အဆင်သင့် မဖြစ်သေးဘူး။ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းသေးတဲ့အတွက် ကုန်ကျစရိတ် ပိုများမယ်။ သူတို့ (လုပ်ငန်းရှင်တွေ) ကုန်ကျစရိတ် ပိုများရင် ဒီနေရာမှာ ဖြစ်လာမှာတွေက ဈေးကြီးလာမယ်။ သူတို့အတွက်ရော ပြည်သူအတွက်တော့ အကျိုးမရှိဘူး” ဒေါက်တာတိုးအောင်က ဆိုသည်။

“အကောင်အထည် ဖော်ဖို့အတွက် တင်ဒါခေါ်တဲ့ အဆင့်ကို မရောက်ခင်မှာကို အများကြီးလုပ်ရဦးမှာ။ အရင်အစိုးရ လက်ထက်မှာ လုပ်သွားတာက တင်ဒါခေါ်တဲ့ အဆင့်ကို ကျော်ပြီး လုပ်သွားတာ။ အမှန်တော့ တင်ဒါခေါ်တဲ့ အဆင့်ကို သွားစရာ မလိုသေးဘူး” ဟု ဒေါက်တာတိုးအောင်က ပြောသည်။

မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်လည်းဖြစ်၊ YCDC ၏ အကြံပေးအရာရှိတဦးဖြစ်သော ဒေါက်တာကျော်လတ်က ဧပြီလ ၂၁ ရက်နေ့ ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် အစိုးရအနေဖြင့် မြေများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ်ချက် အတွက်လည်းကောင်း၊ အများပြည်သူများ၏ လိုအပ်ချက်များအတွက်လည်းကောင်း ဘက်စုံထောင့်စုံမှ ညှိနှိုင်းပြီး စနစ်တကျ ကိုင်တွယ်နိုင်ရန် တည်ဆဲမြေယာဥပဒေများအပြင် မြို့ပြစီမံကိန်းဥပဒေတရပ် လိုအပ်ကြောင်း ရေးသားထားသည်။

“မြို့ပြဒေသများတွင် လူဦးရေတိုးပွားလာသည်နှင့် လိုက်လျောညီစွာ ကျောင်းများ၊ ဈေးများ၊ ဆေးရုံများ စသည့် အများ ပြည်သူအတွက် အဆောက်အအုံများနှင့် မြေနေရာများလည်း လိုအပ်လျှက် ရှိသည်။ ထိုအများပြည်သူများ၏ အဓိက လိုအပ်ချက်များအတွက် ဆောက်လုပ်ရန် မြေများပေါ်တွင် ကုမ္ဗဏီကြီးတို့၏ လိုအပ်ချက်အတိုင်း ဖြစ်ပေါ်နေကြခြင်း တို့ကြောင့် မြို့ပြဒေသများ၏ ဖွံ့ဖြိုးမှုကို ဟန့်တားလျက်ရှိသည်” ဟုဒေါက်တာကျော်လတ်က ရေးသားခဲ့သည်။

ယခင်လက ဧရာဝတီသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အသစ် ဦးဖြိုးမင်းသိန်း က ရန်ကုန်၏ အငြင်းပွားဖွယ်ရာ မြို့တော်စီမံကိန်းများ အားလုံးကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်းနှင့် ကုမ္ပဏီများ၏ အကျိုးစီးပွားထက် ပြည်သူလုထုအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Loading