သတင်း

ရန်ကုန်တွင် ခွေးလေခွေးလွင့်များ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်မည်ဟုဆို

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးထိုးနှံခြင်းနှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းများ အပါအဝင် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများကို မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ် ၂ မြို့နယ်တွင် ရှေ့ပြေးစီမံချက် (Pilot Project) အဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သတင်းရရှိသည်။

ယင်း မြို့နယ် ၂ မြို့နယ်ကို ရွေးချယ်ထားသော်လည်း  အစည်းအဝေး မလုပ် ရသေးသည့်အတွက် မည်သည့် နေ့ ရက်တွင် စတင်ပြုလုပ်နိုင်မည်ကို အတိအကျမပြောနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီဝင် ဒေါက်တာအေးမင်းက ဧရာဝတီသို့ ပြောသည်။

“သီးသန့် Pilot Project လုပ်ရဦးမယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေ ရွေးထားတယ်။ အဲဒီမှာ ခွေးမှတ်ပုံတင်လုပ် မယ်။ ဒီခွေးကိုတော့ Castration (သင်းကွပ်)လုပ်ပြီးပြီ။ ဒီခွေးကိုတော့ မလုပ်ရသေးဘူး။ အဲလိုတွေလုပ်ပြီးတော့မှ မှတ်ပုံ တင်လုပ်ပေးထားမယ်။ ဘယ်တော့လောက်လုပ်ဖြစ်မယ်တော့ အတိအကျမပြောနိုင်သေးဘူး” ဟု ၎င်းက ရှင်းပြသည်။

ယခင်မြို့တော်ဝန်လက်ထက်တွင် ခွေးလေခွေးလွင့်များကို ထိန်းသိမ်းစောင့်ရှောက်ပေးရန်အတွက် လှည်းကူးမြို့နယ်အတွင်း မြေ ၁၀ ဧကခန့် တောင်းခံထားမှုကိုလည်း ယခုမြို့တော်ဝန် အသစ ်လက်ထက်တွင် တရားဝင် တင်ပြ ဆက်လက် တောင်း ခံ ရန် စီစဉ်ထားသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ခွေးလေခွေးလွင့်များ ရှင်းလင်းဖယ်ရှားမှုများကိုသာမက အလွန် များပြားသည့် ကျီးကန်းနှင့် ကြွက်များကိုလည်း မြို့နေပြည်သူလူထု၏ ကျန်းမာရေးပြဿနာများအတွက် ရှင်းလင်း ဖယ်ရှား ရနေရကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးက ခွေးလေခွေးလွင့်များကို အဆိပ်ခတ်သတ်၍ ရှင်းလင်းဖယ်ရှား ခြင်းအပေါ် ဝေဖန် မှုများကြုံတွေ့နေရပြီး မှန်ကန်သောဖြေရှင်းခြင်းမဟုတ်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

“Personal Feeling တွေကို ခဏဖယ်ထားဦး။ ယေဘူယျကျကျပြောမယ်ဆိုရင် ဒီလိုမျိုး အဆိပ်ကျွေးပြီးလုပ်နေတာသည် ဆယ်စုနှစ် နှစ်ခုသုံးခုရှိနေပြီ။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ ရန်ကုန်မှာ ခွေးလေခွေးလွင့် ပျောက်မှမပျောက်သွား တာ။ လူမှန်းသိတတ်စအရွယ်ကတည်းက အခု ၃၃ နှစ်ရှိပြီ။ ပစ်နေတာပဲ ဒါပေမယ့် ခွေးလေခွေးလွင့်လည်းမပျောက်ဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဘာသာပြန်ဆန်းစစ်ဖို့လိုနေပြီလို့ ထင်တယ်။ ” ဟု မြန်မာတိုင်းမ်၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းထက်က မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တော်စည်ပင်အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိရစ္ဆာန်ချစ်သူများနှင့်အတူ ပူး ပေါင်းပြီး ခွေးထီးများအား သင်းကွပ်ခြင်း၊ ခွေးမများအား ကာကွယ်ဆေးထိုးပေးခြင်းနည်းလမ်းများကို အသုံးပြုခြင်းသည် ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်သည်ဟု ၎င်းက အကြံပြုသည်။

ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့် တသိန်းခန့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခန့်မှန်းချက်အရ သိရှိရသည်။

Loading