သတင်း

ရန်ကုန် ပန်းခြံများအတွင်းသို့ ဝင်ရောက် အပူရှောင်သူ ဦးရေ သိန်းချီရှိ

This article has been converted from Zawgyi One to Unicode

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ရန်ကုန်မြို့တွင်းရှိ ပန်းခြံများအတွင်း အပူရှောင် ဝင်ရောက် နားခိုသည့် လူဦးရေသည် ယခင်နှစ် ဧပြီလထက် ယခုနှစ် ဧပြီလ တလအတွင်း ၇ သိန်းခန့် ပိုများကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ၏ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာစာရင်းအရ စုစုပေါင်း ပန်းခြံ ၆၃ ခြံသို့ ဝင်ရောက် လည် ပတ် သည့် လူဦးရေသည် ယခင်နှစ် ဧပြီလက ၁၄ သိန်းရှိခဲ့ရာမှ ယခုနှစ် ဧပြီလတွင် ဝင်ရောက်သည့် လူဦးရေ ၂၁ သိန်း ရှိလာသဖြင့် ယခင်နှစ်ထက် လူဦးရေ ၇ သိန်းခန့် ပိုမိုဝင်ရောက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အခု စာရင်းအရကြည့်ရင် ပန်းခြံတွေကို ရာသီဥတုကြောင့်လည်း လူဝင်ရောက်မှု ဖြစ်နိုင်တယ်။ အရင်တုန်းက ပန်းခြံတွေက ပန်းခြံ အဆင့်မမီတဲ့ ပန်းခြံတွေဖြစ်တော့ လူထုလည်း ဝင်ရောက်မှုနည်းတယ်။ အခုပန်းခြံတွေက သန့်ရှင်းသာယာလှပလာတော့ ဝင်ရောက် တာလည်း ဖြစ်နိုင်တယ်”ဟုလည်း အထက်ပါ တာဝန်ရှိသူက ပြောပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပန်းခြံများကို အဆင့်မြှင့်တင်ပြီးနောက်ပိုင်းတွင် ပန်းခြံ အများစုကို ဝင်ကြေးများ ကောက်ခံခြင်း မပြုတော့ကြောင်း သွားရောက်လည်ပတ်သူများက ပြောသည်။

“မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု အတွက် သစ်ပင်တွေ တော်တော်ခုတ်ခဲ့ရပါတယ်။ သစ်ပင်တွေ ပြန်လာလှူဒါန်းမှု လုပ်တဲ့သူတွေမှာ ဆောက် လုပ်ရေး ကုမ္ပဏီတွေ များတယ်။ သူတို့က ဂရင်းဧရိယာ ပြန်လည်ဖြည့်ဆည်းပေးရတယ်။ လှော်ကားမှာ တဧကနိုင် တဧက၊ နှစ်ဧကနိုင် နှစ်ဧက စိုက်ပေါ့။ ဂရင်းဧရိယာ ဆုံးရှုံးရတာကို အစားထိုး ပြန်စိုက်ပေးရတဲ့ သဘောပါ။ နှစ်စဉ် ရှိနေကျပါပဲ”ဟုလည်း ၎င်းက ပြော ဆိုသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ဂရင်းဧရိယာ (Green Area) အတွက် ဂျပန်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်း တခုဖြစ်သည့် AEON Environmental Foundation က လှော်ကားဥယျာဉ် ဧက ၂၀ တွင် အပင်တသောင်း စိုက်ပျိုးရန် ကမ်းလှမ်း ထားကြောင်းနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနကလည်း သစ်ပင်၊ ပန်းမန်နှင့် ပျိုးပင်များအတွက် ယခုနှစ်တွင် ဘတ်ဂျက် ၃၆၅ သိန်း လျာထားကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံစုစုပေါင်း ၆၃ ခြံအနက် အဆင့်မြှင့်တင်ထားပြီးဖြစ် သည့် ပန်းခြံ စုစုပေါင်း ၂၃ ခြံ၊ မွမ်းမံပြင်ဆင်ထားသော ပန်းခြံ စုစုပေါင်း ၂၄ ခြံ၊ ပုံမှန် အဆင့်ပန်းခြံ စုစုပေါင်း ၁၂ ခြံနှင့် မွမ်းမံရန် လိုနေသည့် ပန်းခြံစုစုပေါင်း ၄ ခြံ ရှိကြောင်း သိရှိရသည်။

အပူရှောင်ရန် ကန်တော်မင်္ဂလာပန်းခြံသို့ မိသားစုလိုက် လာရောက်လည်ပတ်နေသည့် ဦးသန့်စင်က“အပြင်မှာ သစ်ပင်တွေက အရမ်း နည်းသွားပြီ။ ကျနော်တို့နေတဲ့ တိုက်ကလည်း တတိုက်နဲ့တတိုက်က ကပ်လျက် အနေအထားတွေ။ လေက မဝင်ဘူး။ အိမ်ထဲမှာလည်းပူ အပြင်ထွက်တော့လည်း ပူနေတော့။ အအေးဓာတ်ရအောင်လို့ ဒီလိုသစ်ပင်ကြီးတွေ မြက်ခင်းတွေရှိတဲ့ပန်းခြံမှာ လာခိုကြတာပါ”ဟု ပြောသည်။

ရန်ကုန်မြို့တွင် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များဖြစ်သည့် တံတားတည်ဆောက်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းတို့ကြောင့် သစ်ပင်များခုတ်လှဲခံရခြင်း ရှိသကဲ့သို့ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကြောင့်လည်း အရိပ်ရသည့် သစ်ပင်ကြီး များ ဆုံးရှုံးခဲ့ရသည်။

Loading