အလုပ်ရှင် အလုပ်သမား ပြဿနာကြောင့် စစ်ကိုင်းမြို့မှ နေပြည်တော်သို့ လမ်းလျှောက် ဆန္ဒပြ ချီတက်နေသည့် အလုပ်သမား သပိတ် စစ်ကြောင်းသည် ၁၉ ရက်မြောက်နေ့တွင် နေပြည်တော်အဝင် တပ်ကုန်းမြို့နယ်နှင့် ၅ မိုင်အကွာ ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာ မိုင်တိုင်အမှတ် ၂၈၉ သို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိလာပြီ ဖြစ်ပြီး တားဆီးမှုများရှိနေသည့်တိုင် နေပြည်တော် အလုပ်သမားဝန်ကြီး ရုံးအထိ ရောက်ရှိသည်အထိ ချီတက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်သည် အလုပ်သမား အခွင့်အရေးများ ရရှိရန် စက်ရုံ ပိုင်ရှင်များနှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဧပြီလအကုန်အထိ အစိုးရ အလုပ်သမား ဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် အကြိမ်ကြိမ် ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှု မရသဖြင့် ဧပြီလ ၂၉ ရက်မှ စတင်ကာ နေပြည်တော်သို့ လမ်းလျှောက် ချီတက်ခဲ့ခြင်း ဖြစ်ကြောင်း သပိတ်မှောက် အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းမင်းဦးက ပြောသည်။
“အလုပ်ရှင်ရဲ့ အမြဲတန်း ဖိနှိပ်ခံနေရတဲ့ အလုပ်သမားထုဟာ ဒီအစိုးရလက်ထက်မှာလည်း အဲလိုပဲ ဖိနှိပ်ခံရမှာကို မလိုလားဘူး။ အဲလိုပဲ တခြားသူတွေလည်း ဖိနှိပ်ခံနေရတာကြောင့် နေပြည်တော်ကို ချီတက်လာတာ ဖြစ်ပါတယ်”ဟု ဦးဝင်းမင်းဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကိုင်းမြို့မှ အလုပ်သမားများသည် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရန် စက်ရုံဝင်းအတွင်း ထိုင်သပိတ် ပြုလုပ်ရင်း အလုပ် ရှင်နှင့် ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ဘဲ ဧပြီလ ၂၈ ရက်နေ့တွင် အလုပ်သမား ၁၂၈ ဦး အလုပ်ထုတ်ခံခဲ့ရကြောင်း၊ သို့သော် စစ် ကိုင်းတိုင်း ခုံသမာဓိ ကောင်စီက အလုပ်သမား ၁၂၈ ဦးကို အလုပ်ပြန်ခန့်ရန် ဆုံးဖြတ်ပေးခဲ့သော်လည်း အလုပ်ပြန်မခန့်ဘဲ အလုပ် သမား ၃၁ ဦးကို ထပ်မံ အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု အလုပ်သမားများက ပြောသည်။
“အစိုးရ အလုပ်သမား ရုံးကလည်း အားကိုးလို့မရဘူး။ အဲဒါကြောင့် နေပြည်တော်ကို ချီတက်ဖို့ ဆုံးဖြတ်လိုက်ကြတာ”ဟု ဦးဝင်းမင်းဦးက ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များမှာ ၎င်းတို့ဖွဲ့စည်းထားသည့် အလုပ်သမား သမဂ္ဂကို အသိအမှတ်ပြုရန်၊ အလုပ်ဖြုတ်ခံရသည် အလုပ်သမား ၁၀၀ ကျော်မှ အလုပ်သမား ၆၀ ကို Myanmar Veneer သစ်အချောထည်စက်ရုံမှ အလုပ်ပြန်ခန့်ပေးရန်၊ အလုပ်ထုတ် ခံရသည့် ကြားကာလတွင် အလုပ်ရှင်မှ နစ်နာကြေးပေးရန်၊ ချီတက်ဆန္ဒပြမှုကို အရေးမယူရန် တို့ ဖြစ်သည်။
ထိုအချက်များကို အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်နှင့် အစိုးရတို့ကြား အလုပ်သမား သပိတ်စစ်ကြောင်း ချီတက်နေစဉ် ကာလအတွင်း အကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရသေးပေ။
“မရရင် သမ္မတကြီးဆီကို စာချွန်တော် ပို့မယ်။ နေပြည်တော်က အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် ၅၁ အရောက် ချီတက်မယ်”ဟု ဦးဝင်းမင်းဦးက ပြောသည်။
အလုပ်သမားများ၏ လက်ရှိ လစာမှာ အမျိုးသား တဦးလျှင် ကျပ် ၁ သိန်း ၂ သောင်း၊ အမျိုးသမီး တဦးလျှင် ကျပ် ၁ သိန်း ၈ ထောင် ရရှိပြီး လစာ ၅၀၀၀ ကျပ်တိုးယူလိုပါက တနေ့လျှင် အထပ်သားချပ်ရေ ၅၀၀၀၀ ထုတ်လုပ်ပေးရန် အလုပ်ရှင်က ပြောဆိုခဲ့သည်ဟု သိရသည်။
“အထပ်သား တနေ့ ၅၀၀၀၀ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အလုပ်သမား ၂ ဆိုင်းပေါင်းလုပ်တာတောင် တနေ့ ၂၀၀၀၀ ထွက်ဖို့ တော်တော်လုပ်ရတာ။ ကျနော်တို့က သမဂ္ဂအဖွဲ့ဝင်ဖြစ်လို့ အခုလို ပြဿနာ ဖြစ်နေတာ။ အခုလည်း သမဂ္ဂအဖွဲ့ဝင်တွေကိုပဲ အလုပ် ထုတ် ပစ်တာ။ သမဂ္ဂအဖွဲ့ မဝင်ထားသူတွေ ဘယ်သူမှ အလုပ်မထုတ်ခံရဘူး”ဟု အလုပ်သမားတဦးဖြစ်သူ ကိုပြည့်ဖြိုးအောင် က ပြောသည်။
အလုပ်သမား ဝန်ကြီးဌာနကမူ ဆန္ဒပြသူများ ချီတက်လာသည့် လမ်းတလျှောက် ရပ်နားသည့် နေရာတချို့တွင် နေရေးစားရေး စီစဉ် ပေးခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများကြား ညှိနှိုင်းဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားများအနေဖြင့်လည်း တွေ့ဆုံ ညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ အဖြေရှာသင့်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက မေလအတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း နေပြည်တော်သို့ အဝင် တပ်ကုန်းမြို့နယ်တွင် အတားအဆီးများ၊ ရဲအင်အား ရာနှင့်ချီ၍ စောင့်ဆိုင်းလျက် ရှိရာ ၂ ဖက် ထိပ်တိုက် တွေ့ဆုံမည် အခြေအနေ ဖြစ်ပေါ်နေကြောင်း တွေ့ရသည်။