ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက မကြာမီသွားရောက်မည့် ရုရှားခရီးစဉ်အတွင်း ထိုင်းဘုရင့် တပ်မတော် အတွက် တင့်ကားများ၊ ရဟတ်ယာဉ်များဝယ်ယူရေး ဆွေးနွေးမည်ဟု မနေ့က ပြောဆို လိုက်တယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
လာမည့် မေလ ၁၉ရက်နေ့ ရုရှားနိုင်ငံ ဆိုချီတွင် ပြုလုပ်မည့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အတွက်သွားရောက်မှာဖြစ်ပါတယ်။
ထိုင်းဘုရင့်တပ်မတော်ဟာ သက်တမ်းလွန် တင့်ကားနဲ့ ရဟတ်ယာဉ်တွေနေရာမှာ ရုရှားလုပ် စစ်လက်နက် တွေနဲ့ အစားထိုးဖို့အတွက် ပြုလုပ်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း က ထိုင်း တပ်မတော်ကိုယ်စား လှယ် အဖွဲ့ဟာ T – 90s တင့်ကားများ ထုတ်လုပ်ရာ Nizhny Tagil ကို သွား ရောက်ကြည့်ရှု့ခဲ့ပါသေးတယ်။
ဒါအပြင် ထိုင်း ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်ဆူဝမ်ရဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ရက်မှ ၂၇ရက်အထိသွားရောက်ခဲ့တဲ့ ရုရှား၊ ဘီလာရုစ်ခရီးစဉ် အပြီးမှာလည်း လက်ရှိသုံးနေတဲ့ အမေရိကန် လုပ် UH- 1H အမျိုးအစား Bell ရဟတ်ယာဉ်တွေနေရာမှာ အစားထိုးဖု့ိ ရုရှားလုပ် မီဟိုင်း MI-17 V5 (နေတိုးအခေါ် Hip) လို ရဟတ်ယာဉ် တွေကို ပိုမိုဝယ်ယူလိုတယ်လို့ သတင်းတွေထွက်လာပါတယ်။
ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက တော့ ထိုင်းတပ်မတော်အနေနဲ့ သင့်တော်တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အရည်အသွေးကောင်းမွန်မှုနဲ့ ဈေးနှုန်သက်သာမှုကို ဦးစားပေးရှာဖွေရာ ရုရှားလက်နက်ကို ရွေးချယ်ခဲ့တယ်၊ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကော်မတီက ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
မီဟိုင်း MI-17 V5 (နေတိုးအခေါ် Hip) ရဟတ်ယာဉ်ဟာ တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး တာဝန်ကို ထမ်းဆောင်နိုင်ပြီး လက်ရှိ ထိုင်းဘုရင့်လေတပ်မှာ ၆ စီးရှိပြီး၊ ၂၀၁၁ ခုနှစ်ကတည်းက တပ်တော်ဝင်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာဟာ ရုရှားခရီးစဉ်အတွင်းမှာ ရုရှားသမ္မတ ပူတင်နဲ့ လည်း တွေ့ဆုံမှာဖြစ် ပါတယ်။
ထိုင်းဘုရင့်တပ်မတော်ဟာ အမေရိကန်စစ်လက်နက်များထက် ရုရှား၊ ယူကရိန်း၊ တရုတ်လက်နက်များကို ပိုမို ဝယ်ယူလာရာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ သန်း ၂၄၀ တန်ဘိုးရှိ ယူကရိန်းလုပ် T -84 Oplot အမျိုးအစား အစီး ၅၀ ဝယ်ယူဖို့ စာချုပ်ခဲ့ပေမယ့် ၂၀၁၅ခုနှစ်အထိ တင့်ကား တွေ ပေးပို့ဖို့ နောက်ကျနေတာကြောင့် ရုရှား လုပ် တင့်ကားတွေ ဝယ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ထိုင်းဘုရင့်တပ်မတော်ဟာ တရုတ်လက်နက်ကုမ္ပဏီ Norinco က ထုတ် လုပ်တဲ့ VT-4 ပင်မတိုက်ခိုက်ရေး တင့်ကားတွေ ဝယ်ယူဖို့ လက်မှတ်ထိုးလိုက်တယ်လို့ ထိုင်းသတင်း တချို့မှာ ရေးသားထားပါတယ်။