ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အသစ်ပြန်လည် ရွေးချယ် တင်မြှောက်နိုင်ရန် စည်ပင်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
“ကျနော်တို့ လိုချင်တာက ဥပဒေ၊ နည်းဥပဒေ အတိုင်းပဲ အပြင်မှာဖြစ်ရပါမယ်။ ဘယ်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ရမှာ ကျနော်တို့ တာဝန်ပါ။ ဝန်ကြီးချုပ်နဲ့အထက် အစိုးရအဖွဲ့တွေကနေ ကော်မတီဝင် ၄ ဦးကို ပြန်ခန့်ရပါလိမ့်မယ်။ ပြီးရင် ကျနော်တို့က ဒီ ၄ ယောက်နဲ့ တွဲလုပ်ရင်း တဖက်ကနေ ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်သွားပါမယ်။ ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲကို စနစ်တကျနဲ့ အမြန်ဆုံး လုပ်ဆောင်သွားပါမယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆) ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေကို ထုတ်ပြန်ခဲ့ရာ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် စည်ပင်သာယာရေး ကော်မတီဝင်များအကြား ကန့်ကွက် အငြင်းပွားမှုများစွာ ထွက်ပေါ်ခဲ့သည်။
ထို နည်းဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင်၊ စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင်က ရွေးကောက်ခံ ကော်မတီဝင်များအား တာဝန်ပေးအပ်ခြင်းကို ယခင် ဝန်ကြီးချုပ် ဦးမြင့်ဆွေက အမိန့်ထုတ်ပြန် ပေးသကဲ့သို့ ယခုရွေးကောက်ခံ ကော်မတီဝင်များအား ထုတ်ပယ်ချင်ပါက လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမိန့်ထုတ်ပြန်ရမှာ ဖြစ်ပါကြောင်း၊ ၎င်းတို့ ကော်မတီဝင်များ အနေဖြင့် လာမည့် ရွေးကောက်ပွဲ မပြုလုပ်မီအထိ ဆက်လက် လုပ်ကိုင်နေမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ပါလျှင်လည်း အချိန်မရွေး ဝင်ရောက် ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်ပါသည် ဟု ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။
ယခင် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၆၄ ပါ ပြဌာန်းချက်အရ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် နောက်ရွေးကောက်ပွဲ မတိုင်ခင်အထိ လုပ်ဆောင်ခွင့် ရရှိမည်ဟု ပြဌာန်း ပါရှိထားသော်လည်း လက်ရှိ မြို့တော်ဝန်သစ် ဦးမောင်မောင်စိုးက ပြန်လည် ပြင်ဆင်လိုက်သည့် နည်းဥပဒေအရ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များသည် လုပ်ငန်းတာဝန်များမှ အနားယူရမည် ဖြစ်သည်။
နည်းဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး လက်ရှိမြို့တော်ဝန် ဦးမောင်မောင်စိုးက “ စည်ပင်ဥပဒေ ဆိုတာ ရှိတယ်။ စည်ပင်ဥပဒေနဲ့ လိုက်လျောညီထွေတဲ့ နည်းဥပဒေ ထုတ်ရမယ်။ သို့သော်လည်း ဥပဒေကြောင်းအရ ကြည့်ရင် နည်းဥပဒေဟာ မူရင်းဥပဒေကို လွှမ်းမိုးမှုတွေ ရှိနေတယ်။ ကျနော်တို့ သွားတွေ့တာက အပိုဒ် ၆၄ မှာ ကော်မတီဝင်ရဲ့ သက်တမ်းဟာ အဲဒီအစိုးရအဖွဲ့ရဲ့ သက်တမ်းနဲ့ တပြေးညီ ဖြစ်ရမယ်လို့ ပြဌာန်းထားတယ်။ အစိုးရ သက်တမ်းကုန်ရင် အော်တိုထွက်ရမယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် နည်းဥပဒေမှာ ပြဌာန်းထားတာက နောက်ရွေးကောက်ပွဲ မတိုင်မီအထိ လုပ်ဆောင်ခွင့် ရှိတယ်ဆိုတာက ပထမပြဌာန်းထားတဲ့ ပင်မဥပဒေ ပြဌာန်းချက်ကို လွန်သွားပြီ။ ဒါကိုပြင်ဆင်လိုက်တဲ့ သဘောပါ” ဟု မီဒီယာများကို ပြောသည်။
ပြင်ဆင်သည့် အချက်များမှ တချက်မှာ နည်းဥပဒေ ၆၄ ပါ ကော်မတီဝင်၊ ခရိုင်၊ သို့မဟုတ် မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွ့ဲဝင်များ၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်း ကုန်ဆုံးချိန် အထိ ဖြစ်သည်ဟု ပြင်ဆင်ပြဌာန်းလိုက်သည့် အတွက် နည်းဥပဒေ ပြဌာန်းချက်အတိုင်း လက်ရှိ လုပ်ကိုင်နေဆဲ ဖြစ်သည့် ရွေးကောက် တင်မြှောက်ထားသော ကော်မတီဝင်များ အပါအဝင် စုစုပေါင်း ကော်မတီဝင် ၁၁၅ ဦးကို အလုပ်တာဝန်မှ ရပ်နားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မေလ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေများအရ ကော်မတီဝင် ၈ ဦးကို နာမည်စာရင်းနှင့်တကွ တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ တခြား ခရိုင်များနှင့်ပါဆိုလျှင် တာဝန်ပြီးဆုံးသူ စုစုပေါင်း ၁၁၅ ဦး ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင်၊ စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင်အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကော်မတီဝင်များက ပြီးခဲ့သည့် မေ ၁၇ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် မီဒီယာများကိုခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် ကော်မတီဝင်ဟောင်းများနှင့် စည်ပင် ဝန်ထမ်းများအကြား ရုန်ရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။