ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာ အုပ်စု ပိန်းဆိုင်း ကျေးရွာအနီးရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ် မတော် မြောက်ပိုင်း (SSPP/SSA) ၏ ယာယီ တပ်စခန်းကို တပ်မတော် က ယနေ့ လာရောက် တိုက်ခိုက်မှုများ ပြုလုပ်သည်ဟု SSPP/SSA က ပြောသည်။
SSPP/SSA နမ့်မ ယာယီတပ်စခန်း တိုက်ခိုက်မှုတွင် သီပေါမြို့နယ် အခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်း(ခမရ) ၅၂၃၊ နမ့်ပေါင် အခြေစိုက် ခမရ ၂၉၁၊ နမ့်ပေါင် ပြည်သူ့စစ် နှင့် မန်ပန်ပြည်သူ့စစ် တို့ပါဝင်ကြောင်း၊ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေကြောင်း SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆု က ဧရာဝတီသို့ ပြောသည်။
မေ ၁၂ ရက်က တန့်ယန်းမြို့ ဗျူဟာမှူး နှင့် တွေ့ဆုံခဲ့ပြီး SSPP/SSA နှင့် တပ်မတော်ကြား တိုက်ပွဲ လျော့ကျရန် အတွက် ဆွေးနွေးခဲ့ သော်လည်း တိုက်ပွဲများ ပိုပြင်းထန်လာသဖြင့် နားမလည်နိုင်ကြောင်းလည်း ဗိုလ်မှူး စိုင်းဆု က ပြောပြသည်။
“ဒီနေ့ ရဟတ်ယာဉ် ၄ စီးနဲ့ကျနော်တို့ ယာယီတပ်စခန်းကို လာပစ်နေတယ်။ တိုက်ပွဲကြီး မဟုတ်ဘူးဆိုရင် သူတို့ လေယာဉ် သုံးစရာ မလိုဘူးလေ။ အချင်းချင်းတောင် လေယာဉ်သုံးတယ်ဆိုတော့ အနိုင်ကျင့်တဲ့ သဘောပဲ။ မနက် ၈ နာရီခွဲကနေ စဖြစ်တာ အခုထိ ဆက်ဖြစ်နေတုန်းပါပဲ”ဟု ဗိုလ်မှူး စိုင်းဆုက ပြောသည်။
နမ့်မကျေးရွာ အတွင်းသို့ စစ်ကားများ၊ စစ်အင်အားများ ပိုမို ပို့ဆောင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာနိုင်သည့်ဟု လည်း ၎င်းက ဆိုသည်။
ယခု တိုက်ပွဲနှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) မှ တပ်ပိုင်းဆိုင်ရာသို့ဧရာဝတီ က မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
အဆိုပါ တိုက်ပွဲဖြစ်သည့်နေရာသည် နမ့်ပေါင် ကျေးရွာ နှင့် ၇ မိုင်ခန့်သာ ဝေးကွာပြီး လားရှိုးမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။
နမ့်ပေါင် ကျေးရွာ မှ ဒေသခံ ဦးစိုင်းလှထွေး က“တိုက်ပွဲဖြစ်တာကတော့ မှန်တယ်။ ကျနော်တို့ နေတဲ့ရွာနဲ့ နီးတယ်။ အခုထိ သေနတ် သံတွေ ကြားနေရတယ်။ ရဟတ်ယာဉ် ၂စီး လာသွားတယ်။ အခုတော့ ရွာကလူတွေ အလန့်တကြား နေနေကြတယ်။ ဆိုင်တွေ အားလုံးပိတ်ထားရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲ မဖြစ်ပွားခင် ၂ ရက်အလိုတွင် တပ်မတော်မှ လယ်ယာစိုက်ပျိုးသည့် သူများကို ရွာထဲပြန်နေရန် အကြောင်း ကြားထားကြောင်း လည်း ဦးစိုင်းလှထွေးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ တချို့ ဒေသခံများသည် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးနေ သကဲ့သို့ တချို့ဒေသခံများမှာ သီပေါမြို့ဘက်သို့ ထွက်ပြေးနေရကြောင်း သိရသည်။
မေ ၁၂ ရက်ကလည်း တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲ တကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ၅၀၀ ကျော် နောင်ပိန်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်မှု ဖြစ်ပွားခဲ့သည်။
SSPP/SSA အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။