ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ အရပ်သားများ နေထိုင်သည့် ရွာ ၃ ရွာကို ယနေ့ မွန်းလွဲပိုင်းက ဗုံးများဖြင့် ပစ်ခတ်မှုများ ဖြစ် ပွားခဲ့သည်ဟု သတင်းရရှိသည်။
မန်စီမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူများနှင့် ပစ်ခတ်ခံရသည့် ရွာများမှ ဒေသခံများက ၎င်းတို့ကို တပ်မတော် ၏ လေယာဉ် ၂ စင်းက လာရောက် ဗုံးကျဲ ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောပြသည်။
မန်စီမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များကို အကူအညီပေးနေသည့် ဇင်လွန်း ဖောင်ဒေးရှင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဦးနန်းဇိမ်းလဂျာက “၃ နာရီ ၁၅ လောက်မှာ လေယာဉ်တွေ ဝင်လာပြီး စပစ်တော့တာပဲ”ဟု ပြောသည်။
ဗုံးကျဲမှု ခံခဲ့ရသည့် ရွာ ၃ ရွာမှာ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ (၃) တပ်ရင်း (၂၇) ၏ ထိန်းချုပ် နယ်မြေရှိ မဂျီဂုံကဘာ၊ ဘွမ်ဂျာ နှင့် ဂျေဆာန်း ကျေးရွာတို့ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါရွာများသည် ၂၀၁၅ ခုနှစ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားထားသဖြင့် ဒေသခံများ စွန့်ခွာ ထွက်ပြေးနေပြီး လက်ရှိတွင် ကျွဲ နွားများကို စောင့်သည့် လူဦးရေ ၂၀ ခန့်သာ နေထိုင်နေသည်ဟု ဒေသခံများက ပြောသည်။
ဘွမ်ဂျာ ကျေးရွာတွင် လက်ရှိ နေထိုင်နေသည့် ကချင်နှစ်ခြင်း အသင်းတော် (KBC) မှ အသင်းတော် ဆရာရိန်မိုး က“သူတို့ ဒီလိုပဲ လာပစ်သွားတာ ။ လျှောက်ပစ်နေတာ။ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူး”ဟု ပြောဆိုသည်။
တပ်မတော်နှင့် KIA သည် မေလ ၁၄ ရက်မှစ၍ မန်စီမြို့နယ်အတွင်းရှိ KIA တပ်မဟာ (၃) ထိန်းချုပ် နယ်မြေ အူလာမ်ပါ ခရိုင် အတွင်း ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မေလ ၁၇ ရက်တွင် တပ်မတော်က လေကြောင်းမှ ဗုံးကျဲခဲ့သဖြင့် သစ်ထုတ်လုပ်ရေး လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား တဦး သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။
ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် နေရာနှင့် ၅ မိုင်အကွာက မိုင်းခေါင်ကျေးရွာ အတွင်းတွင်လည်း မေလ ၁၇ ရက်ညက စစ်ကား၊ ၅ စီး ဖြင့် တပ်မတော်သားများ ရောက်ရှိလာခြင်းကြောင့် မိုင်းခေါင် ကျေးရွာရှိ ဒေသခံများနှင့် စစ်ရှောင်ဒုက္ခသည် ၂၀၀၀ ကျော်ကို အပြင် မထွက်ကြရန်၊ သတိနှင့် နေထိုင်ကြရန် ဘုရားကျောင်းမှ တာဝန်ခံများနှင့် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံများက သတိပေး ထား သည်ဟုလည်း သိရသည်။
အရပ်သား ကာကွယ်စောင့်ကြည့်ရေး ကော်မတီမှ ဦးအောင်မျိုးဆန်းက “တိုက်ပွဲထပ်ဖြစ်လာရင် ဒေသခံတွေကို မသင်္ကာလို့ နှိပ် စက် တာတွေ ဖြစ်မှာ အထူးစိုးရိမ်ရတယ်။ ရွာလယ်မှာလည်း စစ်တပ်ရှိတော့ အပြန်အလှန်ပစ်ကြရင် ဒေသခံတွေ ဒုက္ခသည်တွေကို လာထိမှာ ကျနော်တို့ စိုးရိမ်နေတယ်”ဟု ပြောသည်။
မိုင်းခေါင်စစ်ရှောင်စခန်း၏ ဘေးတွင် တပ်မတော်၏ တပ်ဖွဲ့တချို့က တပ်စွဲထားသဖြင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း တိုက်ပွဲများ ဖြစ်ပွားရာတွင် စခန်းအတွင်းသို့ လက်နက်ကြီးများ အကြိမ်ကြိမ်ကျရောက်မှု ဖြစ်ပွားခဲ့သေးသည်။
ယနေ့ ထပ်မံ ပစ်ခတ်မှု ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ KIA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာ ၎င်းက“ပထမ က ထိတွေ့ပြီး တိုက်ပွဲဖြစ်တယ်။ သူတို့ နယ်လှည့်လာရင်း ပြန်ထွက်ဖို့ လမ်း အခက်အခဲရှိလို့ ပစ်တယ်။ ဒုတိယက လေယာဉ်နဲ့ ပစ် တာက KIA ရှိတဲ့ စခန်းတွေမှာ မပစ်ပဲ ပြည်သူတွေ ရှိတဲ့ ရွာနားတွေမှာ ပစ်ချတာဖြစ်တယ်”ဟု ပြောသည်။
ယနေ့ နေ့လယ်ပိုင်းက အရပ်သားရွာများတွင် လေကြောင်းပစ်ခတ်မှုများ ရှိသည်ဟု ဒေသခံများနှင့် ဒေသ အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများက ပြောသော်လည်း ဒုဗိုလ်မှူးကြီး နော်ဘူက ၎င်းတို့နှင့် တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားသည့် အခြေအနေ မရှိသေးကြောင်း ဧရာဝတီ ကို ပြောပြသည်။
တပ်မတော်သည် မေလ ၁၂ ရက်နှင့် ၁၃ ရက်က ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) နှင့် တိုက်ပွဲ ဖြစ်ပွားရာတွင်လည်း လေကြောင်းအသုံးပြု၍ မှားယွင်း ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်မတော် တပ်ဖွဲ့ ဝင် ၂၈ ဦး ကျဆုံးမှု ဖြစ်ပွားခဲ့သည်။
ယနေ့ မန်စီမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မေးမြန်းရန် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ နှင့် ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U)၏ တပ်မတော် ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူကို ဧရာဝတီ က မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။