သတင်း

ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု အရပ်ဘက်တရားရုံး၌ စစ်ဆေးနိုင်ရေး တပ်မတော်နှင့် ညှိနှိုင်း

This article has been converted from Zawgyi One to Unicode

စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမ ၂ဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အမှု၌ မသင်္ကာသည့် တပ်မတော်သားများကို အရပ် ဘက် တရားရုံးတွင် စစ်ဆေးနိုင်ရေး အတွက် တပ်မတော်နှင့် ယနေ့ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ကြကြောင်း သတင်းရသည်။

ခြေမြန်တပ်ရင်း(ခမရ) ၅၀၃ မှ ဗိုလ်မှူး အောင်မျိုးမြင့်၊ ဗိုလ်ကြီး မင်းသွင်၊ တပ်သားတဦး တို့နှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)၊ ရှမ်းပြည်နယ် ကချင်ရှေ့နေများကွန်ရက် အဖွဲ့များနှင့် လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးတွင် တွေ့ဆုံခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် အခင်းဖြစ်စဉ်ကရှိခဲ့သည့် တပ်သားအားလုံးကို စစ်ဆေးလိုကြောင်းကို တောင်းဆိုခဲ့သော်လည်း မသင်္ကာသည့် တပ် သားများကို တိုက်ရိုက်မေးမြန်းခွင့် မရခဲ့ကြောင်း ရှမ်းပြည်နယ် ကချင်ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးဘရန်ဒီးက ဧရာဝတီ သို့ပြောသည်။

“ကျနော်တို့ စစ်ဆေးတယ်ဆိုတာ မသုံးချင်ပါဘူး၊ တွေ့ဆုံတယ်လို့လည်းပဲ ပြောချင်တယ်။ ကျနော်တို့အနေနဲ့ တပ်သားတွေကို မေး မယ်ဆိုရင် မေးခွန်းကြိုပေးရမယ်။ မေးခွန်းကို အမှုစစ်အဖွဲ့ကနေ တဆင့် မေးရမယ်။ ကျနော်တို့က မေးခွန်းကို ကြို မပေးချင်ဘူး။ ကိုယ်တိုင်စစ်ချင်တယ်။ ၂ဦး ၂ဖက် သဘောတူညီမှုမရတဲ့ အတွက် တွေ့ဆုံရုံသက်သက်ပဲ ဖြစ်သွားတယ်”ဟု ဦးဘရန်ဒီးက ပြော ဆို သည်။

ခမရ (၅၀၃) တပ်သားများကို တိုက်ရိုက် မေးမြန်းနိုင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် သမ္မတရုံးတို့ကို စာတင်သွားမည်ဖြစ် ကြောင်း မူဆယ်မြို့မှ KBC အတွင်းရေးမှူး ဇော်ရော်ကလည်း ပြောသည်။

“ကျနော်တို့ တပ်သားအားလုံး မေးချင်တယ်လို့ပြောပါတယ်။ ပြီးတော့ အခုက တဆင့်ခံဖြစ်နေတယ်။ ကျနော်တို့က တိုက်ရိုက်မေးနိုင်မှ မေးတော့မယ်လို့ အခု ဘာမှမမေးခဲ့ရဘူး။ ရဲကနေ တဆင့်မေးနေရတယ်။ ကျနော်တို့က စာနဲ့ရေးပြီး မေးခိုင်းရတယ်”ဟု ဧရာဝတီကို ပြောပြသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့ ကောင်းခါး ကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးနေသည့် အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လုပ်အားပေး ဆရာမ ၂ ဦးဖြစ်သည့် ခေါန်နန်စင်နှင့် မရန်လုရာ တို့သည် ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့ တည်းခိုရာ အိမ်တွင် အဓမ္မပြုကျင့့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်က တပ်သား ၄၀ ခန့်ပါရှိသည့် ခမရ ၅၀၃ စစ်ကြောင်းသည် ကောင်းခါးကျေးရွာသို့ ရောက်ရှိကာ ကချင် ဆရာမ ၂ ဦးနေထိုင် သော နေအိမ်နှင့် ကိုက် ၁၀၀ ခန့်အကွာတွင် စခန်းချခဲ့ကြောင်း၊ အသတ်ခံရသူ ၂ ဦး နေထိုင်သည့် အိမ်အနီးရှိ ထင်းပုံအနီးတွင် စစ်ဖိနပ်ခြေရာ နှင့်တူသည့် ပွိုင့်ထူထူ ဖိနပ် ခြေရာများကြောင့် ရွာအနီး ရောက်နေသည့် ခမရ ၅၀၃ တပ်ဖွဲ့ဝင်တချို့ အပေါ် ဒေသခံ များက သံသယ ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Loading