မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ ရေပူဆရာတော် ဦးဣန္ဒကကို ယနေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ် တရားရုံးက လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယနေ့တွင် ဆရာတော်ကို စစ်ဆေးသည့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က၊ ခ) ဖြင့် တရားစွဲ ဆိုထားသည့် အမှုမှာ ခိုင်လုံသည့် သက်သေ မရှိသည့်အတွက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆရာတော်၏ ဒါယကာရင်း တဦးဖြစ်သူ ဦးစိုးဌေးက ဧရာဝတီသို့ ပြောသည်။
“သူတို့အမှု မခိုင်မာလို့ သူတို့ဘက်က အမှုကို ရုပ်သိမ်းပြီးတော့ အပြီးပြတ် လွှတ်လိုက်တာပါ။ မခိုင်လုံတဲ့အပေါ် တင်တဲ့ကိစ္စကိုတော့ ဆရာတော်ရဲ့ သဘောထားနဲ့ ဒါယကာ၊ ဒါယိကာမတွေနဲ့ ဆွေးနွေးပြီးမှ ဆက်လုပ်သွားမယ်။ ဒီနေ့ပဲ ဆရာတော် သင်္ကန်းပြန်ဝတ်ပါတယ်” ဟုလည်း ဦးစိုးဌေးက ဆိုသည်။
ယမန်နေ့တွင်လည်း ဆရာတော်အား သစ်တောဥပဒေပုဒ်မ – ၄၂ (ခ) ဖြင့် ထောင် ၃ လ သို့မဟုတ် ဒဏ်ငွေ ၂ သောင်းကျပ် ပေးဆောင်ရန် ပြင်ဦးလွင်မြို့နယ် တရားရုံးက အမိန့်ချခဲ့ပြီး ဆရာတော်၏ ဒါယကာ နှင့် ဒါယိကာမများက စုပေါင်းပြီး ဒဏ်ငွေပေးဆောင်ခဲ့ကြသည်။
ရေပူဆရာတော် သည် ၎င်း၏ ကျောင်းတိုက်ဝင်းအတွင်း ကျောင်းဆောင်သစ်ဆောက်ရန်နှင့် စေတီတည်ရန် မြေပြုပြင်ခြင်းကို ကျောက်တူးဖော်သည်ဟုဆိုကာ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ သာသနာတော် ညှိုးနွမ်းစေမှု နှင့် တရားမဝင်သစ်များ သိမ်းဆည်းထားမှု ပုဒ်မ ၃ ခုဖြင့် မိုးကုတ်မြို့မ ရဲစခန်းက ၂၀၁၅ ခုနှစ် ဇွန်လ အတွင်းက အဝတ်ဖြူလဲကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၃ ခုဖြင့် တရားစွဲခဲ့သော်လည်း သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ အတွက် တရားလိုပြသက်သေများ ခိုင်လုံမှု မရှိသည့်အတွက် တရားရုံးက ဆရာတော်အား တရားရှင်လွတ်ပေးခဲ့သည်။