သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်၌ ဆဲဆိုစာများနှင့် မဖွယ်မရာပုံများ ရေးသားဖော်ပြခဲ့သူဟု အမှုဖွင့် တိုင်ကြားခံရသည့် ဦးနေမျိုးဝေအား တရားစွဲဆိုသော အမှုကို လက်ခံစစ်ဆေးရန် ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် တရားရုံးက ယနေ့ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
“ကိုနေမျိုးဝေအမှုကို ဒီနေ့ တရားစွဲတင်တော့ တရားရုံးတော်က အမှုကို လက်ခံစစ်ဆေးဖို့ ဆုံးဖြတ်ပါတယ်။ ကိုနေမျိုးဝေ ဘက်ကတော့ သူ့အစ်မ ဒေါ်စန္ဒာဦးက ရှေ့နေပါဝါ တင်ထားပြီး ကျနော့်ဘက်ကတော့ ပုသိမ်က ရှေ့နေ ဒေါ်မြင့်သိန်းက ပါဝါတင်ပါတယ်” ဟု တရားလိုဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ဦးဝေယံအောင်က ဧရာဝတီကို ပြောသည်။
အဆိုပါ အမှုကို မေလ ၂၃ ရက်နေ့တွင် စစ်ဆေးရန် ရုံးတော်က ချိန်းဆိုထားကြောင်း သိရသည်။
သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတို့ကို ဆဲဆိုထားသည့်ပုံနှင့် စာများ လူမှုကွန်ရက်တွင် ရေးသားဖြန့်ချိခဲ့သည် ဟုဆိုကာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဦးဝေယံအောင်က ကန်ကြီးထောင့် မြို့မရဲစခန်းတွင် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က အမှုဖွင့်ခဲ့ရာ ရဲတပ်ဖွဲ့က အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူကာ မေလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့က ဦးနေမျိုးဝေအား ပုသိမ်ထောင်၌ ရမန်ယူ၍ ထိန်းသိမ်းထားခဲ့ပြီး ပုဒ်မ ၆၆ (ဃ) ဖြင့် တရား စွဲဆိုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၏ မှတ်ချက် တောင်းခံခဲ့ရာ ဝန်ကြီးက ခွင့်ပြုခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ဦးနေမျိုးဝေ၏ အမှုတွဲကို ကန်ကြီးထောင့်တရားရုံးသို့ ယနေ့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ဦးနေမျိုးဝေအား ကန်ကြီးထောင့် တရားရုံးသို့ ယနေ့နံနက်ပိုင်းက ရုံးထုတ်ခဲ့ရာတွင် ဦးနေမျိုးဝေ၏ ဆွေမျိုးသားချင်းများနှင့် ၎င်းကို ထောက်ခံသူ ၈၀ ခန့် လာရောက်ခဲ့ပြီး တရားရုံး ပရဝဏ်အတွင်း၌ ဦးနေမျိုးဝေ ကျန်းမာပါစေဟု အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။
ဦးနေမျိုးဝေအမှုမှာ ကန်ကြီးထောင့် တရားရုံးက ဒုတိယမြောက် လက်ခံစစ်ဆေးရမည့် ပုဒ်မ ၆၆ (ဃ) အမှုဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မဖွယ်မရာ ပြုလုပ်၍ Thu Thu အမည်ရှိ အကောင့်ဖြင့် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သူ ကန်ကြီးထောင့် မြို့နယ် ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးစည်သူအောင်က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ အပြစ်ပေးခဲ့သည်။