မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျောက်စွယ်ကျိုး ကျေးရွာအနီးရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း(MEC)၏ အမှတ် (၁) သံမဏိ စက်ရုံ တည်ဆောက်စဉ်က သိမ်းယူထားသည့် မြေများအတွက် ယနေ့အအထိ လျော်ကြေးတစုံတရာ မရရှိခြင်းကြောင့် မူလမြေ ပိုင်ရှင် များက လျော်ကြေးပေးရန် ယမန်နေ့က တောင်းဆိုလိုက်သည်။
အမှတ် (၁) သံမဏိစက်ရုံ မြေနေရာအတွက် လယ်ယာမြေ ၃၃၉ ဧက နှင့် ရထားလမ်းနှင့် ကားလမ်းဖောက်ရန် ဧက ၁၀၀ ကျော်ကို ၁၉၉၇ ခုနှစ်တွင် MEC က မြေယာလျော်ကြေး ပေးအပ်ခြင်းမရှိဘဲ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ကျောက်စွယ် ကျိုး ကျေးရွာမှ လယ်သိမ်းခံတောင်သူ ဦးသိန်းအောင်က ပြောသည်။
“သူတို့စသိမ်းတုန်းက အဘစိုက်ခင်းမှာ ကြံစိုက်ထားတာ ဘာမှမပြောဘဲ အကုန်လုံးစက်ကြီးတွေနဲ့ထိုး မြေညှိပြီး သိမ်းပစ်တာ။ ဟိုးက စက်ရုံပင်မဆောင်ကြီးက အဘမြေနေရာပေါ့။ သီးနှံလျော်ကြေးရော မြေယာလျော်ကြေးရော အခုချိန်အထိ တပြားမှမရဘူး။ သိမ်းခံရတာက ကျောက်စွယ်ကျိုးရွာက တောင်သူတွေအပြင် မြင်းကပိုင်ရွာရော၊ ကွမ်းလောင်းရွာရော၊ ပျဉ်းပင်လှရွာက တောင်သူ တွေရဲ့ မြေယာတွေလည်း ပါတယ်။ အဘတို့ ရွာကမြေတွေကတော့ စက်ရုံပင်မဆောင် ဆောက်ပစ်တာ။ တခြားရွာကတော့ ရထား လမ်း၊ ကားလမ်း ဖောက်ဖို့သိမ်းတာ”ဟုလည်း ဦးသိန်းအောင် က ဧရာဝတီကို ပြောပြသည်။
ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်က လျော်ကြေးရရှိရန် တိုင်ကြားမှုကြောင့် ကုမ္ပဏီဘက်က လယ်တဧကလျှင် ကျပ် ၁၈ သိန်းနှင့် ယာမြေတဧကလျှင် ကျပ် ၁၅ သိန်း သတ်မှတ်၍ လျော်ကြေးပေးရန် သဘောတူခဲ့သော်လည်း ယနေ့အထိ လျော်ကြေး မရရှိသေးကြောင်း ကျောက်စွယ်ကျိုးရွာမှ ဦးလှစိုးကလည်း ပြောသည်။
“၂၀၁၃ က လျော်ကြေးပြန်ရဖို့တိုင်လို့ မကွေးတိုင်းက မြေယာကော်မရှင်အဖွဲ့နဲ့ စက်ရုံမှူးတွေရော မြေစာရင်းက လူတွေရော အဘ တို့ ရွာမှာ လာညှိနှိုင်းတယ်။ အဘတို့ဘက်က လယ်တဧက ၂၅ သိန်းနဲ့ ယာတဧက သိန်း ၂၀ တောင်းတော့၊ သူတို့ဘက်က ဈေးဆစ် လို့ လယ်ကို ၁၈ သိန်း၊ ယာကို ၁၅ သိန်းနဲ့ အဆင်ပြေသွားတယ်။ အသိမ်းခံရတဲ့လူတွေ အဲဒီဈေးနှုန်းနဲ့ ကျေနပ်တယ်ဆိုရင် လက်မှတ်ထိုးဆိုပြီး လက်မှတ်တွေ ထိုးပေးလိုက်တယ်။ အခု ၂ နှစ်ကျော်ပြီး လျော်ကြေးပေးဖို့ နေနေသာသာ စက်ရုံးမှူးဆိုသူက အတွေ့တောင်မခံတော့ဘူး”ဟုလည်း ဦးလှစိုးက ရှင်းပြသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ စက်ရုံမှူးကို သွားရောက်မေးမြန်းရာ စက်ရုံးမှူးမရှိကြောင်းနှင့် မြေယာပြဿနာများနှင့် ပတ်သက်၍ ၎င်းအနေနှင့် ပြောဆိုခွင့်မရှိကြောင်း MEC ၏ အမှတ်(၁) သံမဏိစက်ရုံ လက်ထောက်စက်ရုံမှူး ဦးတင်အေး က ဧရာဝတီသို့ပြော သည်။
မြေသိမ်းခံရသည့်တောင်သူများမှာ ကျောက်စွယ်ကျိုးကျေးရွာမှတောင်သူ ၁၈ ဦး၊ မြင်းကပိုင်ရွာမှ ၄ ဦး၊ ပျဉ်းပင်လှရွာမှ ၃၀ နှင့် ကွမ်းလောင်း ကျေးရွာမှ တောင်သူများ အပါအဝင် စုစုပေါင်း တောင်သူ ၅၀ ကျော်ရှိပြီး စက်ရုံဧရိယာအတွက် သိမ်းဆည်းခံရမြေ ၃၃၉ ဧကတွင် လယ်မြေဧက ၁၀၀ ကျော်၊ ယာမြေဧက ၂၀၀ ကျော်ပါဝင်ကြောင်းနှင့် စက်ရုံမှ ဧရာဝတီမြစ် အထိဖောက်လုပ်ထားသည့် ကားလမ်း ၂ မိုင်ခွဲနှင့် ရထားလမ်းဖောက်ရန် သိမ်းဆည်းခံရသည့် လယ်ယာမြေ ဧက ၁၀၀ ကျော်ရှိကြောင်း ဒေသခံများထံမှသိရ သည်။