ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် ဘင်္ဂါလီများ အပါအဝင် တနိုင်ငံလုံးတွင် နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းများကို ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ပြောကြားသည်။
“အစိုးရ အဖွဲ့ကလည်း ဒီစီမံကိန်း ဆောင်ရွက်ဖို့ သဘောတူပြီး ဖြစ်ပါတယ်။ ၂၅ ရက်နေ့မှာ ဌာနအနေနဲ့လည်း ဒီလုပ်ငန်းတွေ လုပ်မယ်ဆိုတာကို ပြည်သူတွေကို အသေးစိတ် တင်ပြမှာ ဖြစ်တယ်။ အခု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဗဟိုလုပ်ငန်းကော်မတီတွေ ဖွဲ့ပြီးပြီ။ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း စိစစ်ရေး ကော်မတီတွေဖွဲ့ဖို့ ပြင်ဆင်နေပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။
နိုင်ငံသား စိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း လုပ်ငန်း စိစစ်ရေး ကော်မတီများ ဖွဲ့စည်းပြီးနောက် ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စုနှင့် ရပ်ကွက် လုပ်ငန်းကော်မတီ အဆင့်ဆင့်ဖွဲ့စည်း၍ စနစ်တကျ ဆောင်ရွက်သွားမည်ဟု သိရသည်။
ဦးသိန်းဆွေက “လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုတာ အဓိကကတော့ လုံခြုံရေး အဓိကကျတယ်။ တည်ငြိမ်ဖို့ အဓိကကျတယ်။ ဘေးက မဆိုင်တဲ့ အမှောင့် ပယောဂတွေ ဝင်မလာဖို့ အရေးကြီးတယ်” ဟု ပြောသည်။
ယခု လုပ်ငန်းစဉ်ကို အစိုးရအဖွဲ့အနေဖြင့် စည်းရုံးရေးနည်း၊ ဥပဒေ ချပြသည့်နည်း၊ နားလည်မှု ရှိအောင် အဆင့်ဆင့် ရှင်းပြသည့် နည်းလမ်းများဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ယခုကိစ္စသည် ထိလွယ်ရှလွယ်သည့် ကိစ္စတခု ဖြစ်နေသဖြင့် ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင်လည်း “၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ပြဿနာများကို မြန်မာနိုင်ငံ တဝန်းတွင် ဥပဒေနှင့်အညီ ထိရောက်စွွာ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်းအဆို” တင်သွင်းမှုကို လွှတ်တော်က မှတ်တမ်းတင်ရန်သာ ဆုံးဖြတ်ခဲ့သည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ယခု အဆိုသည် အစိုးရအဖွဲ့၏ ရက် ၁၀၀ လုပ်ငန်းစဉ်တွင် ဦးစားပေး ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်သဖြင့် မှတ်တမ်းအဖြစ်သာ ထားရှိပေးရန် တင်ပြသဖြင့် လွှတ်တော်က မဲခွဲ ဆုံးဖြတ်ပြီး မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
တိုင်းပြည်တွင် “ရိုဟင်ဂျာ”ဆိုသည့် ဝေါဟာရတခု ပေါ်ပေါက်နေရာ ယင်း ဝေါဟာရသည် ပြဿနာပေါင်းစုံ ယူဆောင်လာနိုင် သည့်အပြင် တိုင်းပြည်၏ အမျိုးသား လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ထွန်းသစ်စ ဒီမိုကရေစီ စနစ်ကိုပါ ထိခိုက်လာနိုင်သဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အကောင်အထည်ဖော်ပေးရန် လိုအပ်နေပြီဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက လွှတ်တော်တွင် ပြောကြားသည်။
“ဒီဝေါဟာရဟာ တရားဝင် တိုင်းရင်းသား ဖြစ်ခွင့်ရရေးကို ဦးတည်လာတဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုး ဖြစ်လာပြီဆိုရင် ကျနော်တို့ တိုင်းရင်းသား မျိုးနွယ်တွေ ရှိမယ်။ လူဦးရေ ၈ သိန်းကျော်လောက်ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတခုကို သူတို့ မျှော်မှန်းလာပါလိမ့်မယ်။ ကျနော်တို့ဆီက နာဂ၊ ကိုးကန့်၊ ပအို့ဝ်၊ ပလောင်၊ ဝ တွေလို ကိုယ်ပိုင်အုပ်ချုပ်ရေး ရတဲ့ မွတ်စလင် ဒေသလေးတခု ပေါ်ပေါက်လာပါလိမ့်မယ်”ဟု ဦးဦးလှစောက လွှတ်တော်တွင် ပြောကြားသည်။
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ လူနည်းစု အခွင့်အရေး ဖိနှပ်ခံရသည်ဟု ဆိုကာ မြန်မာအစိုးရကို ဝေဖန်ကန့်ကွက်လျက်ရှိသည်။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်ကလည်း ကချင်ပြည်နယ်တွင် သယံဇာတ ထွက်ရှိမှုနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကို အခွင့်ကောင်းယူ၍ တရားမဝင် နေထိုင်သူများစွာ ရှိနေပြီး အစိုးရဝန်ထမ်းများ၏ ကိုယ်ကျိုးရှာ အဂတိလိုက်စားမှုများပါ ရှိနေသဖြင့် တင်သွင်းသည့် အဆိုကို ထောက်ခံကြောင်း လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။