ပါတီတွင်း ပြဿနာများကြောင့် အရေးပေါ်ညီလာခံ ခေါ်ယူရေး တောင်းဆိုမှုရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ညီလာခံကို သြဂုတ်လအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မောင်မောင်ဌေးက “ညီလာခံခေါ်ဖို့ တောင်းဆိုတဲ့အထဲ တချို့က ပါတီကနေ အနားပေးထားသူတွေပါ။ သူတို့ကို ညီလာခံမှာ ဖိတ်၊ မဖိတ်က ပါတီရဲ့ အခြေခံစည်းမျဉ်တွေ အတိုင်းပဲ လုပ်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ ပြန်လည်ဖွဲ့စည်း တည်ဆောက်နိုင်ရေးနှင့် ညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များကို အောက်ခြေမှ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းအခြေအနေများကြောင့် သူရ ဦးရွှေမန်း အပါအဝင် ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က ပါတီအရေးပေါ် ညီလာခံ ခေါ်ယူရေး လက်မှတ်ရေးထိုး တောင်းဆိုထားသည့် မေလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ညီလာခံ ကျင်းပနိုင်တော့မည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် တချို့က ပြောသည်။
ပါတီတွင်း ဖြစ်ပွားနေသည့် ကိစ္စရပ်များသည် အရေးပေါ် ညီလာခံ ခေါ်ယူဆွေးနွေးရန် လိုအပ်သည့်အတွက် တောင်ဆိုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပါတီတွင်း စည်းလုံးမှု ပျက်ပြားကာ ချောက်ထဲကျသွားမည်ကို မလိုလားကြောင်း ပါတီမှ ထုတ်ပယ်ခြင်း ခံထားရသည့် ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဇော်မြင့်ဖေက ဧရာဝတီကို ပြောသည်။
“အန်ကယ်တို့ တောင်းဆိုထားမှုကို ဘာမှ အကြောင်းမပြန်သေးဘူး။ အန်ကယ်တို့ တောင်းဆိုတဲ့ရက် မဖြစ်ရင်တော့ တခုခုတော့ လုပ်ရှားရမှာပဲ၊ ဘာမှတော့ မစဉ်းစားထားပါဘူး” ဟု ဦးဇော်မြင့်ဖေက ပြောသည်။
သမ္မတဟောင်း ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန် ပြန်လည်ရယူပြီးနောက် ယခုနှစ် ဧပြီ ၂၂ ရက်တွင် သူရ ဦးရွှေမန်း အပါအဝင် ၁၇ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့ခြင်းနှင့် ယခင်က ဖြစ်ပွားခဲ့သည့် ပါတီတွင်း ညဉ့်သန်းခေါင်ယံ အာဏာသိမ်းမှုများကြောင့် ပါတီအရေးပေါ် ညီလာခံ ခေါ်ယူဆွေးနွေးရန် ပါတီဗဟိုကော်မတီဝင်များက သမ္မတဟောင်း ဦးသိန်စိန်ထံ တောင်းဆိုချက် ပေးပို့ရာတွင် ထည့်သွင်းထားသည်။
ကြံ့ခိုင်ရေးပါတီ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းများတွင် ညီလာခံ ခေါ်ယူပေးရန် ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က တောင်းဆိုသည် ဆိုပါက ပါတီညီလာခံ ခေါ်ယူပေးရမည့်အချက် ပြဌာန်းပါရှိသည်။