မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးကွင်း အဆင့်မြှင့်တင်ခြင်းကို ယခုနှစ် အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရသည်။
“အရင်အစိုးရလက်ထက် ကတည်းက ကားဝင်း အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့တာ၊ တင်ဒါအောင်တဲ့ကုမ္ပဏီနဲ့ စာချုပ်ဖို့ပဲ ကျန်နေတာ၊ ပြန်လည်ပြင်ဆင်တဲ့စာချုပ် ရှေ့နေချုပ်ရုံးက ပြန်ကျလာပြီ။ ရှေ့နေချုပ်ရုံးက အကြံပြုထားတာတွေကို ပြင်ဆင်ပြီး စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်နေပါတယ်။ ကုမ္ပဏီကသွင်းရမယ့် ငွေကို ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကတည်းက သွင်းထားတာဖြစ်တဲ့အတွက် ကုမ္ပဏီအနေနဲ့ လုပ်ငန်းစမယ်ဆိုရင် စလို့ရနေပါပြီ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
အဆိုပါ ကားကြီးကွင်း အဆင့်မြှင့်တင်နိုင်ရန် အတွက် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက တင်ဒါခေါ်ယူခဲ့ရာ MDCM ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့ပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်ရန်လုပ်ဆောင်ရန် ဆောင်ရွက်ခဲ့သည်။ သို့သော် တည်ဆောက်မည့်ဒီဇိုင်းဖြစ်သည့် ၁၂ ထပ်အဆောက်အအုံသည် ချမ်းမြသာစည် လေယာဉ်ကွင်း၏ လေယာဉ်ပြေး လမ်းကြောင်း နှင့် မလွတ်ခြင်းကြောင့် မူလက ရေးဆွဲထားသည့် ဒီဇိုင်းပိုင်းကို ပြန်လည်ပြင်ဆင် ရေးဆွဲနေရခြင်းကြောင့် တည်ဆောက်ရေးအပိုင်း ကြန့်ကြာနေရခြင်းဟု သိရသည်။
အဆင့်မြှင့်တင်ရာတွင် ၄ ထပ်ခွဲ၊ ၅ ထပ်အမြင့် အဆောက်အအုံများ နှင့်အတူ ခရီးသည်တင်ယာဉ်များ ဆိုက်ရောက်ရာ နေရာ၊ ထွက်ခွာရာနေရာ၊ စူပါမားကတ်၊ ရှောပင်းမောလ်၊ စားသောက်ဆိုင်များ၊ ကွန်ဒို၊ဟိုတယ်များ ပါဝင်မည်ဟု သိရသည်။
“ကုမ္ပဏီအနေနဲ့ စာချုပ်မရှိသေးဘဲ စတင်လို့ မရနိုင်သေးပါဘူး၊ စာချုပ်ချုပ် ပြီးရင်တောင် MIC ရဲ့ ခွင့်ပြုချက် ရယူရဦးမှာပါ၊ လိုအပ်တာမှန်သမျှ ပြည့်စုံမှသာ စတင်နိုင်မှာဖြစ်ပါတယ်။ အထပ်မြင့်အနေနဲ့ မူလက ၁၂ ထပ်အမြင့် အထိ ခွင့်ပြုချက် ရပြီးသားဆိုပေမယ့် ချမ်းမြသာစည် လေဆိပ်မှာ လေယာဉ်တာဝါတိုင် ရှိနေတဲ့အတွက် လေကြောင်းကင်းလွတ်ခွင့်နယ်မြေ အရ အမြင့်သတ်မှတ်ချက် ၅၁ ပေအထိပဲ ရရှိတော့မှာပါ။ စာချုပ်ကို ပြန်လည်ပြင်ဆင်ပြီးမှ ချုပ်ဆိုနိုင်မှာပါ”ဟု MDCM ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန်းရွှေမြို့တော် အဝေးပြေး မော်တော်ယာဉ်အသင်းမှ ဦးသန့်ဇင်က “ကားကွင်းကို အဆင့်မြှင့်တင်ဖို့ ပြောတာ နှစ်နှစ်ကျော်ပါပြီ။ အဆင့်မြှင့်တင်နေချိန်မှာလည်း အဝေးပြေး ယာဉ်လိုင်းတွေကို ပြေးဆွဲလို့ရအောင် စီစဉ်ပေးမယ်လို့တော့ ပြောထားပါတယ်။ ကားကွင်း အဆင့်မြှင့်တဲ့အတွက် ယာဉ်လိုင်းတွေအနေနဲ့ ထိ ခိုက် နစ်နာသွားတာမျိုးမရှိနိုင်ပါဘူး။ ကားကွင်းကို အဆင့်မြှင့်တင်သင့်နေတာ ကြာပါပြီ။ အဆင့်မြှင့်လိုက်မယ်ဆိုရင် အားလုံး အတွက် အကောင်းဆုံး အနေအထားတစ်ခုပါပဲ”ဟု ရှင်းပြသည်။
ချမ်းမြရွှေပြည် အဝေးပြေး ကားဝင်း၏ သက်တမ်းသည် နှစ် ၂၀ ကျော် ရှိပြီဖြစ်ပြီး စတင် ဖွင့်လှစ်ခဲ့စဉ်က ခရီး သည်တင် ယာဉ်လိုင်းများ အပြင် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ၊ ပွဲရုံများ၊ ဂိုထောင်များ ပါရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများနှင့် ပွဲရုံများ၊ ဂိုထောင်များကို လက်ရှိကုန်စည်အဝေးပြေးဝင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ချမ်းမြရွှေပြည် အဝေးပြေးကားဝင်းတွင် အဝေးပြေး မော်တော်ယာဉ်အသင်းပေါင်း ၉၆ သင်းရှိပြီး မော်တော်ယာဉ် အစီးရေ ၆၅၆ စီး ဖြင့်ပေးဆွဲပေးလျက် ရှိသည်။ မန္တလေးခရိုင်အတွင်း၌ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်း ၅ ခုရှိသည့် အနက် ချမ်းမြရွှေပြည် အဝေးပြေးကားဝင်း ကို ပထမဦးဆုံး အဆင့်မြှင့်တင်ခြင်း ဖြစ်ကြောင်း သိရသည်။