ကချင်ပြည်နယ်၊ မန်စီမြို့နယ် အတွင်း တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး ဒေသခံ ၂၀ ကျော် ပိတ်မိ နေ သည်ဟု သတင်းရရှိသည်။
တိုက်ပွဲမှာ မိုင်းခေါင်ကျေးရွာနှင့် လိုင်ကာဇွမ်ဂျာ ကျေးရွာ အတွင်း ဖြစ်ပြီး တပ်မတော်နှင့် KIA တပ်မဟာ (၃) လက်အောက်ခံ၊ တပ်ရင်း (၂၇) တို့အကြား မေလ ၂၁ ရက်နေ့ကတည်းက ဖြစ်ပွားနေခြင်း ဖြစ်သည်။
မိုင်းခေါင်စစ်ဘေး ဒုက္ခသည်စခန်း တာဝန်ခံ ဦးနော်မိုင်က တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ၎င်းတို့ စခန်းနှင့် ၁ မိုင်ခန့်သာ ကွာဝေးသည်ဟု ဧရာဝတီကို ပြောသည်။
ဦးနော်မိုင်က “ကုန်းခါးပါ၊ မုန်းလူ၊ မဂါရိုင်က လူတွေ နည်းနည်းကျန်သေးတယ်။ အခုက ထုတ်လို့ မရတော့ လို့ ခက်ခဲနေတယ်။ ပိတ်မိနေတဲ့ထဲမှာ ကချင်တွေအပြင် ပလောင်တွေလည်းပါတယ်”ဟု ပြောသည်။
ပိတ်မိနေသူများမှာ မိုင်းခေါင်စစ်ဘေး ဒုက္ခသည်စခန်းတွင် နေထိုင်နေသူများ၏ မိသားစုဝင်များဖြစ်ပြီး ၎င်းတို့ မှာ မိုးကျချိန်တွင် ရွာများအတွင်း စပါးများ ပြန်စိုက်ရန် ၊ သီးနှံများ စိုက်ရန် ပြန်နေကြသူများ ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ပိတ်မိနေသူဦးရေ ၂၀ ကျော်ဟုသာ သိထားပြီး အခြားပိတ်မိနေသည့် ပလောင်တိုင်းရင်းသား မိသားစု ဦးရေကို မသိသေးကြောင်း ဦးနော်မိုင်က ဆိုသည် ။
တိုက်ပွဲ စတင်ဖြစ်ပွားချိန် မေလ ၂၂ ရက် မနက်ပိုင်းတွင် ပိတ်မိနေသူများကို ကယ်ရန် မိုင်းခေါင်စစ်ဘေး ဒုက္ခသည်စခန်း တာဝန်ခံများက KIA နှင့် ဆက်သွယ်၍ ၎င်းတို့ လာမည်ဖြစ်ကြောင်း၊ လမ်းဖွင့်ပေးရန် ပြောဆိုကာ သွားခဲ့သော်လည်း အဆိုပါ စခန်းတာဝန်ခံများ နောက်မှ တပ်မတော်၊ စစ်ကြောင်းများ လိုက်လာသဖြင့် KIA မှ လမ်းပိတ်လိုက်ရာ ပိတ်မိနေသူများကို ကယ်ဆယ် မရတော့ကြောင်းလည်း သိရသည်။
တပ်မဟာ (၃) မှ အရာရှိတဦးကလည်း “သူတို့ဘက်က စစ်ကြောင်း၂ ကြောင်း ကျနော်တို့ ဘက်ကို တက်လာပြီး ပစ်ကြတာ ဖြစ်တယ်။ မိုင်းခေါင် ဘက်မှာရယ် မုန်းလူဘက်မှာရယ် ၊ တခြားတော့ သေချာ မပြောနိုင်သေးပါဘူး” ဟု ပြောသည်။
မန်စီမြို့နယ်အတွင်း မေလ ၁၄ ရက်မှ စ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း ဖြစ်သည်။
မန်စီမြို့နယ်မှာ ၂၀၁၁ ခုနှစ်မှ စတင်၍ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသတခု ဖြစ်ပြီး တိုက်ပွဲ အတွင်း ပိတ်မိနေသည့် ဒေသခံများမှာ တပ်မတော် ၊ တပ်ဖွဲ့များ၏ KIA စစ်သားဟု စွပ်စွဲ ခံရပြီး နှိပ်စက် ခံရခြင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မကြာခဏ ကြုံတွေ့ရလျက်ရှိသည် ဟု သိရသည်။