ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာ အနီးနှင့် ဝိုးလုံကျေးရွာအနီးတွင် မီးလောင်ခံထားရသည့် အလောင်း ၇ လောင်း တွေ့ရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ကျောက်မဲမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် အမတ် စိုင်းထွန်းဝင်းက ပြောသည်။
ထိုနေရာများသည် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရ တပ်မတော် တို့ မေ ၁၂ ရက်နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေရာ ဖြစ်ပြီး အဆိုပါ ရုပ်အလောင်းများကို မေလ ၂၀ ရက်က တွေ့ရှိရခြင်း ဖြစ် ကြောင်း သိရသည်။
“ပန်လော့ကျေးရွာ နားမှာ မီးရှို့ခံရတဲ့အလောင်း ၃လောင်း၊ ဝိုးလုံကျေးရွာအနီးမှာ မီးရှို့ခံရတဲ့အလောင်း ၄လောင်းတွေ့ရပါတယ်။ ပြီး တော့ SSPP အကျႌနဲ့ တပ်သားတဦး သေနေတာလည်း တွေ့ရပါတယ်”ဟု စိုင်းထွန်းဝင်းက ပြောပြသည်။
ပန်လော့ကျေးရွာအနီး မီးလောင်ခံရသည့် အလောင်းများသည် နောင်ကွယ် ကျေးရွာသားများဖြစ်ကြောင်း၊ ရွာသားများကို SSPP/SSA အဖွဲ့ နှင့် ဆက်စပ်သူများဟု ယူဆပြီး တပ်မတော်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းလည်း စိုင်းထွန်းဝင်းက ပြောသည်။
“ဝိုးလုံကျေးရွာမှာဆိုရင် ရွာသား အိမ်တလုံး မီးရှို့ခံရတာယ်။ အိမ်တွေလည်း ဖျက်ဆီးသွားတယ်။ ဆိုင်ကယ်တွေ မီးရှို့ထားတယ်။ပြီး တော့ လယ်ထွန်စက်တွေကိုလည်း ရိုက်ထုထားတာတွေ ကျနော်တို့ မြင်ခဲ့ရတယ်”ဟု ကျောက်မဲ မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) စိုင်းထွန်းဉာဏ်ကလည်း ပြောပြသည်။
ထိုနေရာများသည် ကျောက်မဲမြို့နှင့် မိုင် ၂၀ကျော် ဝေးကြောင်း၊ ဝိုးလုံကျေးရွာသားများက ရွာတွင်မနေရဲတော့သဖြင့် ပန်ကင်ကျေးရွာအနီးသို့ ပြောင်းရွှေ့နေထိုင်ချင်ကြကြောင်းလည်း စိုင်းထွန်းဉာဏ်က ပြောသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ပန်ကင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၁၂၀ ကျော်ရှိပြီး စားဝတ်နေရေး အတွက် အကူအညီလိုအပ်နေကြောင်း ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်အမတ်များက ပြောဆိုကြသည်။
ရှမ်းမြောက် တိုက်ပွဲကိစ္စနှင့် ကျေးရွာထဲတွင် ဒေသခံ အလောင်းတွေ့ရှိမှုများနှင့် ပတ်သက်ပြီး ဧရာဝတီမှ ကာကွယ်ရေး ဝန်ကြီးဌာန တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံးကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိခဲ့ပေ။
တရုတ်နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ် မာန်ပိန်း ကျေးရွာတွင်လည်း ယမန်နေ့ ည ၇ နာရီခန့်တွင် ကချင် လွတ်လပ် ရေး တပ်မတော် (KIA) တပ်မဟာ ၆ နှင့် အစိုးရ တပ်မတော် တပ်မ ၉၉ တို့ တိုက်ပွဲဖြစ်ပြီးနောက် အိမ်ခြေ ၂၀ကို တပ်မတော်က မီးရှို့လိုက်ကြောင်း ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)မှ သင်းအုပ်ဆရာတော်က ဧရာဝတီသို့ ပြောသည်။