မြန်မာနိုင်ငံသို့ မကြာသေးမီက အဖျားခတ်ဝင်ရောက်ခဲ့သည့် ရွန်နူမုန်တိုင်းကြောင့် လူ ၁ ဦး သေဆုံးပြီး လူ ၃၀၀ ကျော် အတိဒုက္ခရောက်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
“မိုးကြီးလို့ ဖားကန့်မှာတော့ လူတယောက်ရေထဲမျောပြီး သေသွားတယ်။ ထိခိုက်ပျက်စီးမှုများတာက ဖလမ်းမှာ ဝန်ထမ်း အိမ်ရာ ပြိုကျ တာနဲ့ မော်လမြိုင်မှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ ပျက်စီးခဲ့တာတွေပဲ ရှိတယ်”ဟု အထက်ပါ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါ်ထွေးကြည်က ဧရာဝတီသို့ ပြောသည်။
မုန်တိုင်းကြောင့် ဒုက္ခသည် လူဦးရေ ၃၀၀ ကျော်ရှိခဲ့ပြီး ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ထိခိုက်မှု အများဆုံး ရှိခဲ့ကြောင်း၊ ချင်းပြည်နယ် ဖလမ်းမြို့တွင် မေလ ၂၁ ရက်နေ့က ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ ပြိုကျမှုကြောင့် လူဦးရေ ၄၀၊ အိမ်ထောင်စု ၈ ခု အတိဒုက္ခရောက်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်တွင် အိမ် ၂ လုံး ပြိုကျ ခဲ့ကြောင်း၊ မေလ ၂၁ ရက်နေ့တွင်ပင် ဧရာဝတီတိုင်း ဟသာၤတမြို့နယ်တွင် အိမ်တလုံး ပြို၊ မြန်အောင်တွင် ၂ လုံး အမိုးလန်၊ ရေကြည်တွင် တလုံးပြို တလုံး အမိုးလန်၊ ဖျာပုံမြို့နယ် အိမ် ၅ လုံးပြို၊ ၄ လုံး အမိုးလန်ခဲ့ပြီးနောက် အမာမြို့ နယ်ခွဲတွင် ၄ လုံးပြို၊ ၁၇ လုံး အမိုးလန်၊ လပ္ပတ္တာတွင် အိမ် ၁၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိမ်တလုံးပြိုကျပြီး တလုံး အမိုးလန်သွားခဲ့ကြောင်း၊ ပဲခူးတိုင်း အုတ်ဖို၊ ပေါင်းတည်နှင့် သဲကုန်းမြို့နယ်တို့တွင်လည်း အိမ်တလုံးပြိုကျခဲ့ပြီး တလုံး အမိုးလန် ပျက်စီး သွားခဲ့ကြောင်း၊ မကွေး တိုင်း မကွေးမြို့တွင် အိမ် ၂ လုံးပြိုကျ၍ အောင်လံမြို့တွင် အိမ် ၃ လုံး အမိုးလန်ပျက်စီး သွားခဲ့ကြောင်း၊ ဟားခါး မြို့ တွင် အိမ်တလုံး ပြိုကျခဲ့ပြီး အိမ် ၃၃ လုံး အမိုးလန်သွားခဲ့ကြောင်း၊ မင်းတပ်မြို့တွင် ပညာရေး ဝန်ထမ်းအိမ်ရာတခု အမိုး လန် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရှိရသည်။
ဆိုင်ကလုန်းမုန်တိုင်း ရွန်နူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး လူ ၆ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရရာရရှိခဲ့ကြောင်း၊ လူ ၅ သိန်း ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာသော သတင်း များအရ သိရှိရသည်။