နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် အစိုးရ အဖွဲ့အစည်းများ နိုင်ငံတကာ အကူအညီများ လက်ခံရာတွင် စနစ်တကျ ဖြစ်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့် ကော်မတီတခုကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ယခင်အစိုးရ လက်ထက်က နိုင်ငံတော် စီမံကိန်းများအတွက် အလှူငွေ ရှာဖွေသည့်အခါ သက်ဆိုင်ရာ ဝန်ကြီးဌာန တဖွဲ့ချင်းစီ၏ မူဝါဒအလိုက် ဆောင်ရွက်မှုမှာ ထိရောက်မှု မရှိဘဲ လေလွင့်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အစိုးရသစ် လက်ထက်တွင် နိုင်ငံသူ နိုင်ငံသား များအတွက် အလှူငွေများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု သမ္မတရုံး ဝန်ကြီးဌာနက ပြောသည်။
ဦးဇော်ဌေးက “ကောင်းကောင်းမွန်မွန် ပေါင်းစပ်ညှိနှိုင်းနိုင်ခြင်း မရှိတဲ့အတွက် အလေအလွင့်တွေ ဖြစ်တယ်။ တချို့ကျတော့လည်း ထပ်နေတယ်။ အခုလည်း ဒါမျိုးတွေ ဖြစ်နေတယ်။ ဖြစ်တဲ့အတွက် ဒီဟာကြီးတခုလုံးကို တနေရာတည်းက ညှိနှိုင်းပေါင်းစပ်ပေးဖို့ လိုတယ်။ အဲဒါမှ ဘယ်နေရာမှာ ဘယ်လိုဆိုတာကို စီမံခန့်ခွဲလို့ရမယ်။ နိုင်ငံတော် ဘတ်ဂျက်က ဘယ်လောက်သုံးမယ်။ Donor တွေဆီက ဘယ်လောက် သုံးမယ်ဆိုတာမျိုး လုပ်လို့ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်အစိုးရ လက်ထက်က လွှတ်တော်တွင် ကန့်ကွက်မှုများ ရှိသော်လည်း သမဝါယမ ဝန်ကြီးဌာနက တရုတ်ထံမှ ငွေချေးယူမှု၊ လယ်ဆည် ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်မှာ ငွေချေးယူမှုများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အာရှဖွံ့ဖြိုးရေးဘဏ်မှ ငွေချေးယူခြင်း စသည်ဖြင့် ရှိခဲ့သည်။
ဥပမာအားဖြင့် တိုင်းပြည်တွင် အလှူငွေ ဒေါ်လာ ၁၀၀ ရရှိပါက ဒေါ်လာ ၃၀ ခန့်သာ အောက်ခြေ ပြည်သူလူထုထံသို့ ရောက်ရှိပြီး ကျန်သည့် ဒေါ်လာ ၇၀ ခန့်မှာ ဘယ်ရောက်သွားသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံတခုအပေါ် Donor များ၏ ပရောဂျက်များကသာ လွှမ်းမိုးသည့် ကိစ္စများလည်း ရှိနေပြီး တိုင်းပြည်၏ တိုးတက်မှု လမ်းကြောင်း လွဲသွားနိုင်ကြောင်း ဦးဇော်ဌေးက ပြောသည်။
“Donor ဆိုတဲ့နေရာမှာလည်း ပြည်တွင်းမပါဘဲ ကုလသမဂ္ဂက လက်အောက်ခံ အဖွဲ့အစည်းတွေ၊ ဒါမျိုးတွေပဲ မြင်ကြတာ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ပြည်တွင်းက Donor တွေလည်း ပါတယ်။ သူ့အပိုင်းလိုက် နည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ ပါရမယ်။ ပြည်တွင်း၊ ပြည်ပအားလုံး ပါဝင်နိုင်တဲ့အပေါ်မှာ စုစည်းပြီးတော့မှ နိုင်ငံတော် ပေါ်လစီအရ လိုအပ်တဲ့ ပရောဂျက်တွေ ဖြန့်ခွဲသွားတဲ့ သဘောမျိုး ဖြစ်သွားမှာပေါ့” ဟု ဦးဇော်ဌေးက ပြောသည်။
ယခင်အစိုးရ လက်ထက်တွင် အစိုးရ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်မှု မရှိသဖြင့် INGO/NGO များက ဝင်ရောက် လုပ်ကိုင်ပေးခဲ့ရာမှ ယခုအခါ အစိုးရက တာဝန်ယူ၊ တာဝန်ခံမှုဖြင့် ဝင်ရောက်လုပ်ကိုင်ပေးမည့် ကိစ္စ ဖြစ်သဖြင့် ကြိုဆိုသော်လည်း လက်တွေ့ အလုပ်မဖြစ်မည်ကို စိတ်ပူကြောင်း ပြည်တွင်း NGO တခုမှ အကြီးတန်းအရာရှိတဦးဖြစ်သူ ကိုမိုးက ပြောသည်။
“ဥပမာ အရင်က အုတ်ရောရော ကျောက်ရောရောနဲ့ ဒေါ်လာ ၃ သန်းလောက်ရရင် အခု စိစစ်နေတော့ ဒေါ်လာ ၁ သန်းလောက်ပဲရမှာ စိတ်ပူတယ်။ လုပ်စားနေတဲ့ အဖွဲ့တွေကို ချတာ တကယ်စေတနာရှင် အဖွဲ့တွေကို သွားထိမှာလည်း စိုးရတယ်။ အစိုးရအနေနဲ့ ဝန်ကြီး ဌာနတွေနဲ့ INGO/NGO တွေကြားမှာ တကယ်ပေါင်းစပ်ပေးနိုင်ဖို့ လိုတယ်” ဟု ကိုမိုးက ဧရာဝတီသို့ ပြောသည်။
ကိုမိုးက “ပြီးတော့ အစိုးရမှာ အတွေ့အကြုံရယ်၊ ဝန်ထမ်းအင်အားရယ်၊ ဒေသရဲ့ လိုအပ်ချက်တွေကို စနစ်တကျ တွက်ချက် နိုင်ဖို့တွေလည်း လိုသေးတယ်။ အောက်က တင်လာသမျှကို အမှန်ထင်နေလို့ကတော့ အောင်မြင်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
တိုင်းပြည်တွင် Donor များ၏ လွှမ်းမိုးမှု မခံရစေရန် နိုင်ငံတော်က တာဝန်ယူမည် ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံကိန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန အားလုံးက ဟန်ချက်ညီညီ ပါဝင်နိုင်ရန် Donor Coordination Mechanism တခု ပေါ်ပေါက်စေရေး ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသည်ဟု ဦးဇော်ဌေးက ပြောသည်။
“အဲဒီ လမ်းညွှန်ချက်အပေါ်မှာ မူတည်ပြီးတော့ ဆက်လုပ်သွားမှာပါ။ ကော်မတီဖွဲ့ရင်လည်း လူအများကြီး ပါပြီးတော့ အလုပ်မဖြစ်တာမျိုး မဟုတ်ဘဲနဲ့ လူနည်းနည်းနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ် Mechanism ဖြစ်ဖို့ လိုတယ်။ အဲဒီတော့ ဘယ်သူတွေ ဘယ်သူတွေ ပါမလဲဆိုတဲ့ Coordination Body ရဲ့ Function တွေအတွက် လုပ်ပိုင်ခွင့် တာဝန်တွေကို သတ်မှတ်ပေးဖို့က အခုလောလောဆယ်တော့ မလာသေးဘူး။ ပေါ်လစီအရ Donor Coordination Mechanism တရပ် ထောင်ပြီးတော့ စိစစ်ကြပ်မတ် ညှိနှိုင်းတာတွေ လုပ်သွား မှာပေါ့” ဟု ဦးဇော်ဌေးက ပြောသည်။
နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီများကို ကိုင်တွယ်ရာတွင် အစိုးရဝန်ကြီးဌာန များကိုသာမက တိုင်းပြည်အတွက် လိုအပ်ပါက ပုဂ္ဂလိက လုပ်ငန်းများကိုပါ ကိုင်တွယ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်က လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အရ နိုင်ငံ၏ လိုအပ်ချက်အပေါ် မူတည်၍ အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ ရှိခဲ့ကြောင်း သိရသည်။