သတင်း

ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို တို့ထက် မြန်မာ လူငယ် အလုပ်လက်မဲ့နှုန်း ပိုများ

This article has been converted from Zawgyi One to Unicode

အာဆီယံဒေသတွင်း ဖွံ့ဖြိုးမှုနောက်ကျသော CLMV နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့တွင် မြန်မာနိုင်ငံ၌ လူငယ်အလုပ်လက်မဲ့နှုန်း အများဆုံး ရှိသည်ကို တွေ့ရကြောင်း ကမ္ဘာ့ဘဏ်နှင့် ILO ၏ အချက်အလက်မှတ်တမ်းများအရ သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) ၏ မှတ်တမ်း၌ အသက် ၁၅ နှစ်နှင့် ၂၅ နှစ်ကြား အလုပ်လက်မဲ့ လူငယ်ဦးရေနှုန်း ထားတွင် မြန်မာနိုင်ငံ၌ လူငယ်မိန်းကလေး အလုပ်လက်မဲ့နှုန်းonf အလုပ်လုပ်နိုင်သော လုပ်အား၏ ၁၀.၇ ရာခိုင်နှုန်းရှိပြီး လူငယ် ယောကျာ်လေး အလုပ်လက်မဲ့နှုန်းသည် ၈.၃ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဖော်ပြထားသည်။

ထိုပမာဏသည် CLMV နိုင်ငံများအကြား အမြင့်ဆုံးနှုန်းတခုဖြစ်နေပြီး ဖွံ့ဖြိုးမှုနောက်ကျသည့် လာအိုနိုင်ငံသည် လူငယ်မိန်းကလေး အလုပ်လက်မဲ့နှုန်း ၂.၇ ရာခိုင်နှုန်းသာရှိပြီး လူငယ်ယောကျာ်လေး အလုပ်လက်မဲ့နှုန်းသည် ၄.၃ ရာခိုင်နှုန်းရှိသည်ကို တွေ့ရ သည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်ခေါင်စာရင်း မှတ်တမ်းအရ လူဦးရေအချိုးတွင် လူငယ်လူဦးရေ အများဆုံးဖြစ်ပြီး အလုပ် လက်မဲ့ နှုန်းတွင်လည်း လူငယ် အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

လူငယ်အသက်၂၅ နှစ်နှင့် အထက် ရောက်လာမှသာလျှင် အလုပ်လက်မဲ့နှုန်းများ သိသာစွာလျော့ကြလာသည်ကို တွေ့ရသည်။

လူငယ်အလုပ်လက်မဲ့နှုန်း များပြားမှုနှင့်ပတ်သက်ပြီး စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက“ကျနော်တို့ဆီမှာ အချိန်ပြည့် အလုပ်ပဲ ရှိကြသေးတယ်။ အချိန်ပိုင်း အလုပ်ကလည်း ဈေးကွက် မဖွံ့ဖြိုးသေးဘူး။ သူများနိုင်ငံတွေဆီမှာ ကျောင်းတက်ရင်း အလုပ် လုပ်တာ၊ သင်တန်းတက်ရင်း အလုပ်လုပ်တာ အများကြီးပေါ့။ ဒါတွေနဲ့လည်း ဆိုင်လိမ့်မယ်။ အကယ်၍ စီးပွားရေး တိုးတက်လာပြီ ဆိုရင် ရှိနေတဲ့ အချိန်ပြည့်အလုပ်အပြင် အချိန်ပိုင်းအလုပ်တွေလည်း အများကြီးပေါ်လာလိမ့်မယ်”ဟု ပြောသည်။

လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားမှုသည် အလုပ်အကိုင် အခွင့်အလမ်းများပြားမှု မရှိခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး အလုပ် အကိုင် အခွင့်အလမ်းများအတွက် ရင်းနှီးမြှုပ်နှံမှု အခန်းကဏ္ဍ မြင့်မားလာရန် လိုအပ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင်လည်း ပြည်ပချည်းသာမဟုတ် ပြည်တွင်းနိုင်ငံသားများကိုပါ လုပ်ကိုင်ခွင့်ပြုရမည်ဟု ဒေါက်တာ အောင်ကိုကိုက ဆက်ပြောသည်။

အလုပ်လက်မဲ့နှုန်း
အာဆီယံ CLMV ၄ နိုင်ငံရဲ့ လူငယ်အလုပ်လက်မဲ့နှုန်း ပြထားတဲ့ ဂရပ်ဇယားပါ။ အပြာရောင်နဲ့ ပြထားတာက အသက် ၁၆ နှစ် ကနေ ၂၄ နှစ်အထိ လူငယ်ယောကျာ်လေး အလုပ်လက်မဲ့ ရာခိုင်နှုန်းဖြစ်ပြီး အနီရောင်ကတော့ လူငယ် မိန်းကလေး အလုပ် လက်မဲ့ ရာခိုင်နှုန်းဖြစ်ပါတယ်

လုပ်ငန်းခွင်အများစု၌ ကြုံတွေ့နေရသည့် လုပ်ခလစာနည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကလည်း လုပ်ငန်းခွင်သို့ ဝင်ရောက်လိုသော လူငယ်များအတွက် အဟန့်အတား ဖြစ်စေကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

“အလုပ်တနေရာပြီးတနေရာ လိုက်လျှောက်တယ်ပေါ့။ လျှောက်လိုက်တဲ့ အလုပ်တိုင်းမှာ ဥပဒေနဲ့မညီတာမျိုး၊ ဘယ်အချိန်ဆင်းရ မလဲ ဆိုရင် မနက် ၇ နာရီကနေ ည ၇ နာရီအထိ ဆိုတာမျိုးတွေ၊ ဒါဥပဒေနဲ့ လုံးဝမညီဘူးဗျ။ အဲဒီလိုမျိုးတွေက လုပ်ငန်း ၁၀ ခု မှာ ၈ ခု လောက်မှာတွေ့နေတယ်”ဟုလည်း ဦးအောင်လင်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခလစာ ညှိနှိုင်းသတ်မှတ်မှုအရ တနေ့လျှင် လုပ်အားခကြေးငွေ ၃၆၀၀ ကျပ်ဟု ဆိုသော်လည်း အလုပ်စဝင်သူ တယောက်အနေဖြင့် ထိုအနည်းဆုံး လုပ်ခလစာ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၁၈၀၀ ကျပ်ဖြင့် ၃ လတိတိ လက်ခံ ရရှိသည့်အပြင် ထပ်မံ၍ ၃ လတိတိကိုလည်း တနေ့လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းဖြစ်သော ၂၇၀၀ ကျပ်သာ ရရှိမည် ဖြစ်သည်။

ထိုအခြေအနေများနှင့် လစာနှုန်းထား နိမ့်ပါးမှုများက လုပ်ငန်းခွင်စဝင်မည့် လူငယ်များအတွက် အဆင်မပြေဖြစ်စေကြောင်း ဦးအောင်လင်း က ပြောသည်။

“အခုမှအလုပ်စဝင်တဲ့ လုပ်သားတယောက်က အနည်းဆုံးအခကြေးငွေ သတ်မှတ်လိုက်တဲ့အတွက် ၅၀ ရာခိုင်နှုန်းတို့၊ ၇၅ ရာခိုင်နှုန်း တို့ကို ၆ လတိတိ ဖြတ်သန်းရမယ့်ကာလ ရှိတယ်။ အဲဒီတော့ ဒီခေတ်ကာလမှာ ရမယ့်လစာနှုန်းကလည်း သူ့အတွက် လမ်း စရိတ် သာသာပဲ ရှိတယ်ဗျ။ ဒါတွေက အခက်အခဲတွေဖြစ်လာတယ်”ဟုလည်း ဦးအောင်လင်းက ဆိုသည်။

လူငယ်များအတွက် အလုပ်အကိုင်ရရှိမှုတွင် လုပ်ငန်းအတွေ့အကြုံ တောင်းလေ့ရှိသောအချက်နှင့် ကျွမ်းကျင်လုပ်သားများသာ အလိုရှိသည့် လုပ်ငန်းများကြောင့်လည်း အဟန့်အတားဖြစ်ရသည်ဟု လူငယ်များက ပြောဆိုကြသည်။

မီဒီယာလုပ်ငန်းဌာနတခုတွင် လုပ်ငန်းခွင်ဝင်နေသည့် အသက် ၂၀ အရွယ် မစုစုက“အလုပ်တွေက ခေါ်လို့ရင် လုပ်ငန်းအတွေ့အကြုံ ၅ နှစ်နှင့် အထက်တို့ ၃ နှစ်နှင့် အထက်တို့ပေါ့။ ကျောင်းပြီးပြီးချင်းက အတွေ့အကြုံကမရှိ၊ အဲဒီအတွက် အနည်းစု ကုမ္ပဏီတွေကသာ အတွေ့အကြုံမရှိသူကို ခေါ်ကြတာများတယ်။ အများစုက အတွေ့အကြုံကိုတောင်းတော့ အလုပ်လုပ်ဖို့ အခြေအနေက မပေးသလို ဖြစ်လာတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုပ်ခလစာနှုန်းထား ခံစားရရှိခွင့် နည်းပါးနေဆဲဖြစ်သလို စီးပွားရေးဖွံ့ဖြိုးမှုမကောင်းခြင်းကြောင့် တဦးချင်းဝင်ငွေတွင်လည်း နည်းပါးလျက် ရှိနေသေးသည်။

ယခင်က အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီတခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည့် အသက် ၂၂ နှစ်အရွယ် ကိုစိုးမိုးက လုပ်ခလစာ နည်းပါးမှုနှင့် ပတ်သက်ပြီး “သူငယ်ချင်းတွေထဲမှာ အလုပ်မရလို့ ညည်းကြတာကို ကြုံဖူးတယ်။ ရကြတဲ့အလုပ်ကလည်း ရတဲ့ လစာ နဲ့ လုပ်ရတဲ့အလုပ် မကာမိဘူး။ အဲဒီလို ဖြစ်နေကြတယ်။ ဥပမာ အခု မားကက်တင်း ခေါ်တယ်ပေါ့။ ရတဲ့လစာက ကျပ် ၁ သိန်း တောင် မပြည့်ဘူး။ အလုပ်ကရှိရင်တောင် ပေးတဲ့လစာက တအားနည်းနေတာ”ဟု ပြောပြသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများကြား တဦးချင်းဝင်ငွေ အနိမ့်ဆုံးနိုင်ငံများထဲတွင် ပါဝင်လျက်ရှိပြီး CLMV နိုင်ငံ အချင်းချင်းကြား တွင် လာအို၊ ကမ္ဘောဒီယား နိုင်ငံများနှင့် ဖွံဖြိုးမှု မကွာခြားသော်လည်း ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်ပါက များစွာကွာဟနေသည် ကို တွေ့ရသည်။
၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်၏ မှတ်တမ်း အချက်အလက်များအရ မြန်မာနိုင်ငံ၏ တဦးချင်းဝင်ငွေသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၂၀၃ ဒေါ်လာ ရှိပြီး ဗီယက်နမ်သည် ဒေါ်လာ ၂၀၅၀ အထိရှိကြောင်း တွေ့ရသည်။

Loading