သတင်း

သတ္တုတူးဖော်ရေးလုပ်ငန်းကို ဝေဖန်ရေးသားသည့် ဆောင်းပါးရှင် တရားစွဲခံရ

This article has been converted from Zawgyi One to Unicode

သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထွက်လာသည့် ရေဆိုးများကြောင့် ငါးမျိုးစိတ်များ သေဆုံးရသည့် အကြောင်း ဆောင်းပါးရေးသားခဲ့သည့် အောင်လွင် (ကံပေါက်သား) ကို DELCO ကုမ္ပဏီက အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

“ငါးရံတကောင် ရဲ့ ရင်ဖွင့်သံ” ဟု ခေါင်းစဉ်ပေးထားသည့် ဆောင်းပါးကို ရေးသားခဲ့သူ အောင်လွင် (ကံပေါက်သား) ကို ကံပေါက်ဒေသတွင် သတ္ထုတူးဖော်ရေး လုပ်ကိုင်နေသည့် DELCO ကုမ္ပဏီက တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း၊ တရားရုံးတွင် ချုပ်ရက်ရမန် ရယူထားကြောင်း တရားစွဲခံရသူ ဦးအောင်လွင်က ပြောသည်။

ဆောင်းပါးရှင် အောင်လွင် (ကံပေါက်သား) သည် Dawei Watch သတင်းဌာနနှင့် တနင်္သာရီ ဂျာနယ်တို့တွင် အပတ်စဉ် ပုံမှန်ရေးသားနေသည့် ပင်တိုင်ဆောင်းပါးရှင် တဦး ဖြစ်သည်။

ဆောင်းပါးရှင် အောင်လွင် (ကံပေါက်သား) က “ကုမ္ပဏီ နာမည်လည်း ထည့်မရေးထားသလို ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်တာလည်း မဟုတ်ပါဘူး။ လက်ရှိ အပြင်မှာ တကယ်ဖြစ်ပျက်နေတာတွေကို ရေးသားတင်ပြထားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

သတ္ထုတူးဖော်ရေး လုပ်ငန်းများ၏ စွန့်ပစ်ရေများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရပုံနှင့် ရေနေမျိုးစိတ်များ ပျက်သုဉ်းရပုံများကို ရေးသားထားသည့် ဆောင်းပါးကို တနင်္သာရီဂျာနယ် အတွဲ ၃၊ အမှတ် ၄၃ တွင် ဖော်ပြခဲ့ပြီးနောက် မေ ၁၇ ရက်က တရားရုံးမှာ စာပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DELCO အနေဖြင့် ဆောင်းပါး တွင် ရေးသား ဖော်ပြထားချက် တချို့မှာ ကုမ္ပဏီ၏ လက်ရှိ လုပ်ဆောင်ထားချက်များ နှင့် ကွဲလွဲချက်များ ရှိနေသည်ဟုဆိုကာ တရားစွဲဆိုခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ တရားစွဲဆိုမှု အပေါ် သတ္တု သယံဇာတ လုပ်ငန်းများနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြကာ အခွင့်အရေး တောင်းဆိုသော ရပ်ရွာအခြေပြု အခွင့်အရေးလှုပ်ရှားသူ တဦးနှင့် ပင်တိုင်ဆောင်းပါးရှင် တဦးဖြစ်သူကို တရားစွဲဆိုခြင်းမှာ သတင်းစာလွတ်လပ်ခွင့်နှင့် ရပ်ရွာအခွင့်အရေးတို့အတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်ကြောင်း Dawei Watch Foundation က ထုတ်ပြန်ကြေညာထားသည်။

Loading