နိုင်ငံရေးအရ Black List (နာမည်ပျက်စာရင်း) အသွင်းခံထားရသူ အားလုံးကို ဖြေလျှော့ပေးရန် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက် တွင် ထည့်သွင်းထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။
မေလ ၂၆ ရက်က ဝန်ကြီး ဧည့်ခန်းမဆောင်၌ မီဒီယာ တချို့နှင့် တွေ့ဆုံစဉ် ဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ပြီး ဖြေလျှော့မှု စတင်မည့် နေ့ရက်အချိန်ကိုမူ တိတိကျကျ ပြောဆိုခြင်း မရှိပေ။
“ဒီအချိန်မှာ နိုင်ငံရေးအရ၊ ဒီမိုကရေစီအရ ပွင့်လင်းမြင်သာမှု ရှိလာပြီဖြစ်လို့ ကိုယ်ယုံကြည်ရာကို ဥပဒေနဲ့အညီ ပြောရေးဆိုခွင့်တွေ ရှိလာပြီ ဖြစ်တယ်။ အထူးသဖြင့် အဲဒီလို အင်အားစုတွေကို ဖြေလျှော့ပေးချင်တာက အဓိက ကျပါတယ်။ ဖြေလျှော့ပြီးတဲ့အခါမှာ နိုင်ငံရေးအရ အမည်မည်း စာရင်း(Black List) အသွင်းခံရသူတွေအားလုံး ဖြေလျှော့တဲ့အထဲမှာ ပါမယ်လို့ ပြောချင်ပါတယ်”ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
နိုင်ငံရေး ယုံကြည်ချက်အရ ပြည်ပသို့ ထွက်သွားခဲ့သူများကိုလည်း မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်(PR)၊ နိုင်ငံသား ပြန် လည် ပြုခွင့်တို့ကို ဥပဒေနှင့်အညီ ခွင့်ပြုပေးသွားမည်ကြောင်း၊ ပြန်လည် လျှောက်ထားရာတွင်လည်း လွယ်လွယ်ကူကူ ဖြစ်စေရန် စီစဉ်ပေးမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောပြသည်။
ပြည်ဝင်ခွင့် ဗီဇာများကိုလည်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျှော့ဆောင်ရွက်ခြင်းကို ရက်ပေါင်း ၁၀၀ အတွင်း ပြုလုပ်မည်ဟုလည်း သိရသည်။
ဝန်ကြီး ဦးသိန်းဆွေက“တချို့ဗီဇာတွေက သက်တမ်းနည်းနည်း တိုနေတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညှိပြီးတော့မှ နည်းနည်း တိုးပေးမယ်။ ပြီးရင် လာတဲ့အခါ၊ ပြန်တဲ့အခါ ဖြည့်ရတဲ့ Form တွေရှိတယ်။ အဲဒီအချက်အလက်တွေကိုလည်း လိုအပ်သလောက်ပဲ ကောက်မယ်။ ပြီးရင်တချို့ ထောက်ခံစာတွေ ဘာတွေ တောင်းတာတွေ ရှိတယ်။ အဲဒီထောက်ခံစာကိုလည်း လိုအပ်သလောက်ပဲ တောင်းတော့မယ်။ အဲဒီလို ဖြေလျှော့ပေးမယ်”ဟုလည်း ပြောသည်။
ထို့အပြင် နိုင်ငံခြားသား အလုပ်သမား ဥပဒေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေတို့ကို ပြည်ထောင် စု လွှတ်တော်သို့ တင်သွင်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်ဟုလည်း သိရသည်။
“အခုလို ဥပဒေ မပြဌာန်းဘူးဆိုရင် နိုင်ငံခြားသား အလုပ်သမားတွေကို အဲဒီဥပဒေနဲ့ အရေးယူလို့မရဘူး။ အခွင့်အရေး မရဘူး ဖြစ် နေ တယ်။ နိုင်ငံခြားသား လုပ်သား ဥပဒေမှာ အဲဒီလို အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖြစ်အောင် ပါသွားမယ်”ဟု ဦးသိန်းဆွေက ပြောပြသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသည့် ဘာသာရေးဆိုင်ရာ အချက်အလက်များကိုလည်း ရက် ပေါင်း ၁၀၀ အတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်နေကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ သက်ဆိုင်သည့် စိစစ်ရေး ကတ်ပြား တမျိုးမျိုး ထုတ်ပေးနိုင်ရေး၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအတွက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင် သင့်သော မှတ်ပုံတင် တမျိုးမျိုး စိစစ်ထုတ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးမည့်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အစိုးရနှင့် မြန်မာအစိုးရတို့ကြား အလုပ်သမား အလုပ်ခန့်ထားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ် ရေး ထိုးနိုင်ရေး ဆောင်ရွက်ခြင်း၊ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုဆွေးနွေးပွဲ ကျင်းပခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အတွက် အသက်မွေးပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းနှင့် နိုင်ငံအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဟုလည်း ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ထို့အပြင် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရွှေ့ပြောင်း အလုပ်သမားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန(Migrant Workers Resource Center – MRC) ၁ ခုစီ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
“ရက် ၁၀၀ အတွင်း လုပ်ရမယ့် ကိစ္စတွေမှာ တချို့က စနေပြီ။ တချို့ကတော့ မကြာခင် စတင်နိုင်ဖို့ ရှိနေပါပြီ”ဟု ဝန်ကြီး ဦးသိန်းဆွေ က ပြောဆိုသွားသည်။