ယာဉ်တိုက်မှု လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့ လမ်းမကြီးများပေါ်တွင် ကွန်ကရစ်တုံးများ ချထားသော်လည်း တချို့နေရာများတွင် မလိုအပ်သဖြင့် ပြန်လည် ဖယ်ရှားနေကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ပြည်သူများ သွားလာရေး အခက်အခဲများ မရှိစေရန် လမ်းမများပေါ်မှ ကွန်ကရစ်တုံးများကို ဖယ်ရှားရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ယခုဆို မဟာဗန္ဓုလလမ်းနဲ့ အနော်ရထားလမ်းတို့မှ ကွန်ကရစ်တုံးများကို စတင် ဖယ်ရှားနေပြီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းများမှ ကွန်ကရစ်တုံးများကို ထပ်မံ ဖယ်ရှားသွားမည် ဖြစ်ပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။
မေလ ၁၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရ အဖွဲ့ အစည်းအဝေးပြုလုပ်ပြီးနောက် ယင်းသို့ ဖယ်ရှားရှင်းလင်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခု ဖယ်ရှားခြင်းသည် စမ်းသပ် ဖယ်ရှားနေခြင်း ဖြစ်ပြီး နေရာအားလုံးမှ ကွန်ကရစ်တုံးများကို ဖယ်ရှားမည် မဟုတ်ဘဲ ယာဉ်သွားလာမှု ခက်ခဲသည့် တချို့နေရာများကို သေချာ စိစစ်လေ့လာပြီးမှ ပြန်လည် ဖယ်ရှားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တမြို့လုံးအတွက် ထုတ်လုပ်ထားသည့် ကွန်ကရစ်တုံး အရေအတွက်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အတုံးပေါင်း ၄၄၀၀၀ ကျော် ရှိပြီး ကုန်ကျစရိပ် စုစုပေါင်း ကျပ် ၁ ဒသမ ၆ ဘီလီယံကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ တင်ပြချက်များအရ ကွန်ကရစ်တုံး တတုံးလျှင် ငွေကျပ် ၃၅၀၀၀ တန်ဖိုးရှိကြောင်း၊ လက်ရှိ မဟာဗန္ဓုလ လမ်းတွင် ချထားသည့် ကွန်ကရစ်တုံး အရေအတွက်မှာ ၂၀၀ ခန့် ရှိကြောင်း ကွန်ကရစ်တုံး ချထားခြင်းသည် အကျိုး တစုံတရာ မရှိကြောင်း၊ ကွန်ကရစ်တုံးများကို ဖယ်ရှားပြီး အဆင့်မြင့် CCTV များ တပ်ဆင်အသုံးပြုသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ကုန်ပိုင်းလောက်က စတင်ပြီး ရန်ကုန်မြို့တွင်းရှိ အဓိက လမ်းမကြီးများတွင် စနစ်တကျ သွားလာ ရပ်တန့်ခြင်း မရှိဟု ဆိုကာ ခရီးသည်တင် ယာဉ်လိုင်းများအတွက် လမ်းမကြီးများ၏ လက်ယာဘက်တွင် သီးသန့် လမ်းကြောင်းများ ကန့်သတ်ကာ ကွန်ကရစ်တုံးများနှင့် ပိုင်းခြားပေးသည့် စနစ်ကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။