၂ လ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်ကို ပြီးခဲ့သည့်အပတ် သောင်္ကြာနေ့က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော မြန်မာဖိုရမ် ၂၀၁၆ တွင် တက်ရောက်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်း သိရသည်။
ယင်းဖိုရမ်ကို ပညာရေး သုတေသန အဖွဲ့အစည်း အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူက (Institute of Southeast Asian Studies – ISEAS) ကမကထပြု ကျင်းပခြင်း ဖြစ်ပြီး မြန်မာ သုတေသီများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ စီးပွားရေးသမားများ ပါဝင်ခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာက သတင်းရေးသားပေးပို့ခဲ့သည်။
“ပြည်သူတွေဟာ ကြီးကြီးမားမား မျှော်လင့်နေကြရုံမက သည်းညည်းခံနိုင်ဖို့လည်း ကြိုးစားနေရတယ်” ဟု ဖော်ရမ်တက်ရောက်သူတဦးဖြစ်သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြောင်း သတင်းက ရေးသည်။ ထို့ပြင် ဆယ်စု နှစ်ပေါင်းများစွာ နိုင်ငံရေးလွတ်လပ်မှုများ ပျောက်ဆုံးခဲ့ရခြင်းအပြင် နေ့စဉ်ဘဝနေထိုင်ရေး အခြေခံလိုအပ်ချက်များအတွက်လည်း သည်းမခံချင်ကြတော့ကြောင်းလည်း ပြောဆိုခဲ့ကြောင်း ဆိုသည်။
အကျဉ်းထောင်ထဲတွင် ၁၉ နှစ်ကြာ နေခဲ့ရသူ ဦးကိုကိုကြီးက လူငယ်မျိုးဆက်များအနေဖြင့် ဒီမိုကရေစီရေး အပြောင်းအလဲအတွက် တိုက်ပွဲဝင်ခဲ့ကြသော မျိုးဆက်ဟောင်းတို့ကဲ့သို့ စိတ်မရှည်တော့ကြောင်းလည်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုနှင့် ကြုံနေရသော ကိုယ်ပိုင်အတွေ့အကြုံကို ပြောခဲ့သေးသည်။ “ဒုတိယအိမ်လို ဖြစ်ခဲ့တဲ့ အကျဉ်းထောင်ထဲမှာ ကျနော် သည်းခံနိုင်ခဲ့တယ်။ လက်ထဲမှာ ယပ်တောင်ကလေး ခပ်ပြီး နေနိုင်ခဲ့တယ်။ NLD အောင်မြင်စေချင်ခဲ့တယ်။ လူတွေက မျှော်လင့်ချက်တွေ ရှိတယ်ဆိုတော့ သူတို့ သည်းခံဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် အခု ၉ လပဲ ရှိတဲ့ ကျနော့်သမီးကျတော့ မီးပြတ်တာနဲ့ ငိုတော့တာပဲ”ဟု ပြောကြောင်း သတင်းက ရေးသားထားသည်။
ထို့ပြင် ဦးကိုကိုကြီးက နိုင်ငံတော် အကြံပေး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသည် အချိန်များစွာ ရမည်မဟုတ်ဘဲ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေး၊ စီးပွားရေး၊ ပညာရေး၊ လျှပ်စစ်မီး စသည့် ဦးစားပေး ဆောင်ရွက်စရာများကို အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ရမည်ဟုလည်း ပြောဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ယုံကြည်မှု တည်ဆောက်ရမှာဟု Center of Diversity and National Harmony ၏ ဒါရိုက်တာ ဒေါက်တာကျော်ရင်လှိုင်က ပြောခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံရှိသော ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၂ ဖက်လုံးမှ ဆွေနွေးသူများအကြား ပုဂ္ဂိုလ်ရေး အရ ယုံကြည်မှုကို အခြေခံ၍ တိုင်းရင်းသားအဖွဲ့များနှင့် တိုက်ခိုက်မှုများကို အဆုံးသတ်ခဲ့သည်ဟု ပြောသည်။
“ဒါက ဦးသိန်းစိန်ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ။ ဒါပေမယ့် အခု အစိုးရက အားလုံးနဲ့ သက်ဆိုင်တဲ့ အဆင့်မှာ အဲဒီလို ယုံကြည်မှု မျိုးကို ဘယ်တုန်းကမှ မတည်ဆောက်နိုင်ခဲ့ဘူး”ဟု ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။ ဒေါက်တာ ကျော်ရင်လှိုင်သည် ယခင်က MPC ဟု အများသိသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် တာဝန်ယူခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးခဲ့ဖူးသည်။
NLD အစိုးရက တိုင်းရင်းသား အဖွဲ့များနှင့် “၂၁ရာစု ပင်လုံညီလာခံ”ကျင်းပရန် ဆုံးဖြတ်ထားသော်လည်း ထို ညီလာခံမှ အလုံးစုံ ပြောင်းလဲမှုကို မျှော်လင့်သူ အနည်းငယ်သာ ရှိကြောင်း သတင်းက ဆိုသည်။ တိုင်းရင်းသားအရေး ဖြေရှင်းရာတွင် စစ်တပ်က အသာစီးပိုမို ရရှိထား ကြောင်း အထူးသဖြင့် ရလဒ်များ ထွက်ပေါ်လာရေးတွင် ဖိအားပေးနိုင်စွမ်း ရှိနေကြောင်းလည်း ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတဲ့အပေါ်မှာ သိပ်ပြီး ပြင်ဆင်ထားတာ မရှိဘူး။ နောက်ဆုံး မအောင်မြင်တဲ့အခါ သူက စစ်တပ်ရဲ့ အနေအထားကို ကျင့်သုံးလာဖွယ်ရာ ရှိပါတယ်” ဟု ဒီမိုကရေစီရေး လှုပ်ရှားသူတဦးဖြစ်ခဲ့ပြီး ယခုအခါ နိုင်ငံရေး သုံးသပ်ပိုင်းခြားသူဖြစ်သည့် ဦးမင်းဇင်ကလည်း ပြောသည်။ ဦးမင်းဇင်သည် အမေရိကန်ပြည်ထောင်စုရှိ University of California, Berkeley တွင် ပါရဂူဘွဲ့ယူစာတမ်းရေးသားနေသူလည်း ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်တဲ့ အဖွဲ့အစည်းကို နာမည်အသစ်တခုပေးတာမျိုးကဲ့သို့ ပြောင်းလဲမှုအနည်းငယ်မှာ ခြွင်းချက်ဖြစ်ကြောင်း ဦးမင်းဇင်က ပြောပြီး “နိုင်ငံရေးအရ ပြောရရင် သူ့(ဒေါ်အောင်ဆန်းစုကြည်)အမြင်က စစ်တပ်နဲ့ အနည်းနဲ့ အများ တူပါတယ်”ဟုလည်း သုံးသပ်ကြောင်း သတင်းက ရေးသည်။
NLD သည် ခိုင်မာသော မူဝါဒကို အုတ်မြစ်ချနိုင်ခြင်း မရှိသေးဘဲ စီးပွားရေးနှင့် နိုင်ငံခြားရေးရာများတွင် ထုတ်ပြန်ကြေညာချက် များနှင့်သာ “အာဝဇ္ဇန်းရွှင်”နေကြောင်း ဦးမင်းဇင်က ဝေဖန်ပြောဆိုသည်။
“လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ တုန်းက အငှားကားမောင်းသူတွေနဲ့ ဆိုက်ကားဆရာတွေက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရရင် မြန်မာနိုင်ငံမှာ ကားလမ်းပိတ်တာတွေ၊ အကျင့်ပျက်ခြစားတာတွေ၊ ပြီးခဲ့တဲ့နှစ်ကလို ရေကြီးတာတွေ ငှက်ဖျားရောဂါဖြစ်ပွားတာတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ကျမကို ပြောကြတယ်။ လမ်းဘေးခွေးတွေကို သုတ်သင်မယ်။ ကမ္ဘာကြီးပူနွေးမှု အဆုံးသတ်မယ်။ ပြီးတော့ လူတိုင်း ၂၄ နာရီ လျှပ်စစ်မီး ရလိမ့်မယ်လို့ ပြောကြတယ်” ဟု ဝါရှင်တန် တက္ကသိုလ်မှ မြန်မာ့အရေး အကြီးတန်းသုတေသီ Mary Callahan က ဖိုရမ်တွင် ပြောသည်။ မြန်မာ့တပ်မတော်နှင့် နိုင်ငံရေးအကြောင်း ပြုစုရေးသားသော သူ၏ Making Enemies: War and State Building in Burma မှာ ထင်ရှားသည်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းများကို ကြိုဆိုသော်လည်း သာမန်ပြည်သူတို့၏ ဘ၀ အပေါ်သက်ရောက်ခြင်း မရှိသည့် ပြောင်းလဲမှုများ ဖြစ်သည်ဟု Mary Callahan က ဆိုသည်။ ပြည်သူများက မြေယာသိမ်းဆည်းမှု၊ ဆင်းရဲ နွမ်းပါး မှု နှင့် အားလုံးပါဝင်သည့် တိုးတက်မှုများ အပေါ် ပိုမိုစိုးရိမ်နေကြသည်။
“NLD က ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တဲ့ အတွက် အစိုးရသစ်အတွက် အခွင့်အရေးတွေ လမ်းပွင့်လာပါပြီ။ လွှတ်တော်မှာ မဲအများစုနဲ့ သူတို့ ဥပဒေတွေကို ပြင်ဆင်နိုင်ပါတယ် ဒါမှမဟုတ် တည်ဆဲဥပဒေတွေကို ဖျက်သိမ်းနိုင်ပါတယ်။ အကောင် အထည်ဖော်ဖို့ လွယ်ပါတယ်။ ဒါအခွင့်အရေးပါ” ဟု ဦးကိုကိုကြီးက ထောက်ပြသည်။ “သူတို့ ဒီအခွင့် အရေးကို ဘယ် လောက်အထိ အသုံးချနိုင်မလဲ။ ပြည်သူတွေရဲ့ နေ့စဉ် ဘဝကို တိုးတက်ကောင်းမွန်လာအောင် ကျနော်တို့ ဘယ်လို လုပ် နိုင်မလဲ”ဟုလည်း ဆိုသည်။
NLD ပါတီ ရွေးကောက်ခံရပြီး အာဏာရရှိလာခြင်းက ဒီမိုကရေစီတိုက်ပွဲ လုံး၀ ပြီးဆုံးသွားခြင်း မဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်း(stakeholder) အား လုံး ပါဝင်လာစေရန် လိုအပ်သည်ဟု ဦးမင်းဇင်က ပြောပြီး “ရည်မှန်းချက်က ရွေးကောက်ခံရရေးထက် ပိုရပါမယ်။ ဒီလိုမှ မဟုတ်ရင် ကျနော်တို့ မှာ benevolent authoritarianism (သဘောကောင်းတဲ့ အာဏာရှင်ဝါဒ) ဖြစ်လာပါမယ်” ဟုလည်း ပြောဆိုကြောင်း သိရသည်။
ISEAS မှ မြန်မာ့အရေး အကြီးတန်း သုတေသီ ဒေါက်တာတင်မောင်မောင်သန်းကလည်း “ကျနော်တို့က အခု အချိန်မှာ မလွတ်လပ်တဲ့ နိုင်ငံရေး ဗဟုဝါဒ(illiberal pluralism) ကနေ လွတ်လပ်တဲ့ အာဏာရှင်ဝါဒ (liberal authoritarianism) ကို ကူးပြောင်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မလွတ်လပ်တဲ့ နိုင်ငံရေး ဗဟုဝါဒ ကနေ တပိုင်းတစ လွတ်လပ်တဲ့ ဒီမိုကရေစီ(quasi-liberal democracy ) အထိပဲ ပြောင်းလဲနိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ရက် ၁၀၀ မပြည့်သေးလို့ပါ” ဟု ပြောဆိုသွားကြကြောင်း သိရပါသည်။