သတင်း

UPDJC ကို ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး ပြန်လည် ဖွဲ့စည်းမည်

This article has been converted from Zawgyi One to Unicode

ယခင်အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးစီးပြီး  ပြန်လည်ဖွဲ့စည်းမည်ဟု သတင်းရရှိသည်။

ယနေ့ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပသည့် UPDJC အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ သတင်းမီဒီယာများကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

UPDJC ပြောင်းလဲဖွဲ့စည်းမည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “UPDJC ရဲ့ ဖွဲ့စည်းပုံကို ကျမတို့ ပြောင်းလဲ ရပါမယ်။ ဒါတွေကိုလည်း ကျမတို့ ဆက်ပြီးတော့ ကျမတို့ ဒီနေ့ အစည်းအဝေးတွေနဲ့ မနက်ဖြန် အစည်းအဝေးတွေမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောင်းလဲရခြင်းမှာ ရွေးကောက်ပွဲရလဒ် ကြောင့် မဟုတ်bJ မူအရ နိုင်ငံရေးအခြေအနေအရ ပြောင်းလဲ ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိ UPDJC တွင် တာဝန်ရှိသူများအဖြစ် ယခင်အစိုးရ လက်ထက်က ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သူများ၊ ယခင်အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား ၈ ဖွဲ့ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ပါဝင်သည်။

ပြန်လည် ဖွဲ့စည်းမည့် UPDJC တွင် တိုင်းရင်းသား အဖွဲ့များ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ ပြန်လည် ပါဝင်သွားမည်ဟုလည်း သိရသည်။

အသစ်ပြန်လည် ဖွဲ့စည်းရာတွင် တိုးလာမည့် အဖွဲ့ဝင်သစ်များကို ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်သွားမည် ဖြစ်ပြီး ၎င်းတို့အနေဖြင့် မသိရှိပါဟု လက်ရှိ UPDJC အဖွဲ့ဝင်များက ဧရာဝတီသို့ ပြောဆိုထားသည်။

UPDJC ဖွဲ့စည်းရေးကို အမြန်ဆုံး ပြီးအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်မှုများကို ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရန် အတွက်လည်း တက်ရောက်လာသည့် ပုဂ္ဂိုလ်များ အနေဖြင့် ပွင့်လင်းစွာ တင်ပြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

UPDJC ကို ယခင်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ အကြား NCA စာချုပ် လက်မှတ်ရေးထိုးပြီး စာချုပ်ပါ အချက်အလက်များအတိုင်း ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တရပ်ရေးဆွဲခြင်း၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတခု ကျင်းပရေးတို့ ပြုလုပ်နိုင်ရေးအတွက်  အောက်တိုဘာလ ၁၆ ရက်က  ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် UPDJC သည် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပရန်လည်း  စီစဉ်နေကြောင်း သိရသည်။

Loading