ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(နကသ) တွေ့ဆုံရာတွင် အဆင့်မြင့် ပညာရေး ဥပဒေ ရေးဆွဲရေးနှင့် တက္ကသိုလ်တခုချင်းစီက ရေးဆွဲနေသည့် တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေးတွင် ကျောင်းသား သမဂ္ဂများ ပူးပေါင်းပါဝင်ရန် ပညာရေးဝန်ကြီးက ကတိပေး ပြောဆိုကြောင်း သိရသည်။
“ကျနော်တို့ တောင်းဆိုချက် သုံးခုမှာ ဒုတိယ အချက်ဖြစ်တဲ့ တက္ကသိုလ် အဆင့်မြင့် ပညာရေးဆွဲရေးထဲမှာ ကျနော်တို့ ကျောင်းသား သမဂ္ဂအဖွဲ့တွေကို ပါဝင်ခွင့်ပေးဖို့ အဲဒီအဆင့်မြင့်ပညာ ဥပဒေကနေပြီးတော့ ဆက်လက်ရေးဆွဲမည့် တက္ကသိုလ် ပဋိညာဉ်မှာ ကျနော် တို့ ကျောင်းသား သမဂ္ဂတွေကို ပါဝင်ဆောင်ရွက်ခွင့်ပေးဖို့ဆိုတဲ့ အချက်ကို လုပ်ဆောင်ပေးမယ်ဆိုတဲ့အကြောင်း ဝန်ကြီးက အာမခံ ပါတယ်”ဟု နကသ ဗဟို အလုပ်အမှုဆောင်တဦး ဖြစ်သူ ကိုဇေယျာလွင်က ပြောသည်။
ပညာရေးဝန်ကြီး၏ ဖိတ်ခေါ်မှုနှင့် နကသ အဖွဲ့ချုပ်မှ အမှုဆောင် ၂၇ ဦးသည် မေလ ၂၉ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ် သည်။
ယင်းတွေ့ဆုံမှုတွင် ပညာရေးဝန်ကြီးက တောင်းဆိုမှု တခုကို လုပ်ဆောင်ခဲ့ပြီး နကသ အဖွဲ့ချုပ်က တောင်းဆိုမှု သုံးခုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နကသ အမှုဆောင်များက အဆင့်မြင့်ပညာရေး ဥပဒေမပေါ်ထွက်လာခင်ကြား ကျောင်းသားသမဂ္ဂများ လှုပ်ရှားရပ်တည်ခွင့် အခြေ အနေ၊ တက္ကသိုလ် တခုချင်းစီတွင် ရေးဆွဲနေသည့် တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂများ ပါဝင်ရေးနှင့် အင်ဂျင်နီယာ ကောင်စီ ဥပဒေကို အင်ဂျင်နီယာ ကျောင်းသားများအတွက် ပြန်လည် ပြင်ဆင်ရေး တောင်းဆိုချက်များ တောင်းဆိုခဲ့သည် ဟု ဆိုသည်။
“ကျောင်းသားသမဂ္ဂတွေ ရုံးခန်းရရှိဖို့အတွက်ကိုတော့ လက်ရှိကျောင်းသား သမဂ္ဂအဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်ပါလို့ ကျနော်တို့ကို ပြောပါတယ်။ ကျောင်းသား သမဂ္ဂကို ရုံးခန်းပေးပါတယ်။ ကျောင်းသား သမဂ္ဂကို တရားဝင် အသိအမှတ် ပြုပါတယ်လို့ ပြောဖို့တော့ သူတို့မှာ ဥပဒေအရ အခက်အခဲ ဖြစ်နေပါတယ်လို့ ပြောပါတယ်။ လှုပ်ရှားဆောင်ရွက်ခွင့်ကိုတော့ အသိအမှတ်ပြုတယ်။ ပါချုပ်တွေနဲ့ တွေ့ဆုံပြီး လှုပ်ရှားဆောင်ရွက်ပါလို့ ပြောတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ပြောပါတယ်။ ပါချုပ်တဦးချင်းစီရဲ့ စိတ်ဆန္ဒပေါ် မူတည်ပြီး ကျနော်တို့ ကျောင်းသား သမဂ္ဂတွေက လှုပ်ရှားဆောင်ရွက်သလို ဖြစ်သွားလိမ့်မယ်လို့ ပြောတဲ့အခါမှာ သူတို့ဘက်က ကျောင်းတွေကို ကျောင်းသားသမဂ္ဂတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ Message တခု ပေးလိုက်ပါမယ်လို့ ပြောပါတယ်”ဟု ကိုဇေယျာလွင် က ပြောသည်။
အင်ဂျင်နီယာ ကောင်စီ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၎င်းတို့အနေနှင့် ပြင်ဆင်ရေးအတွက် အချိန်ယူ ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ပြင်ဆင်ရာတွင် ကျောင်းသားများ ပြင်ဆင်ချင်သည့်အချက်ကို သေချာ ဆွေးနွေးမည်ဟု ပညာရေးဝန်ကြီးမှ ပြောကြားခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ပညာရေး ဝန်ကြီးဌာနဘက်မှ ဖိတ်ခေါ်သည့် အချက်မှာ ပညာရေး ရက် ၁၀၀ စီမံချက်ထဲ၌ တက္ကသိုလ်များနှင့် ပတ်သက်ပြီး အရည် အသွေး ထိန်းညှိသည့်ပုံစံ လုပ်ဆောင်ရာတွင် နကသ အဖွဲ့ချုပ်မှ ကျောင်းသားများ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပြီး နကသ များဘက် ကလည်း ပူးပေါင်းပါဝင်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။
ယင်းစီမံချက်တွင် နကသ မှ ကျောင်းသားများသည် တက္ကသိုလ် ဆရာ၊ ဆရာမများ၏ ကျောင်းသားများအပေါ် ပညာသင်ကြား သည့် အခြေအနေ၊ အတန်းချိန် မှန် မမှန်၊ သင်ကြားရာတွင် ဆရာ၊ ဆရာမများ၏ ဂရုတစိုက် သင်ကြားမှု ရှိ မရှိ စသည်များကို စောင့်ကြည့် ပြောကြားပေးရန် ဖြစ်ကြောင်း သိရသည်။
နကသ ကို တက္ကသိုလ် ကျောင်းသား သမဂ္ဂ(တကသ) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(မြေလတ်ဒေသ) တို့က ပူးပေါင်း၍ မေလ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ ပညာရေး စနစ် ဖြစ်ပေါ်လာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး၊ ကျောင်းသားထု စွမ်းရည်မြှင့်တင်ရေး၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ရပ်တည် လှုပ်ရှားခွင့် ရရှိရေး တို့ကို ထိထရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နကသ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။