မကွေးတိုင်း၊ သရက်မြို့ရှိ သရက် ဘိလပ် မြေစက်ရုံကို ယခင်အစိုးရက တရုတ်ကုမ္ဗဏီတခု ဖြစ်သော မြန်မာဂျီဒုန်း (Myanmar Jidong) သို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ပြီး တရုတ်ကုမ္ဗဏီက စက်ရုံတွင် မူလ တရက် လျှင် တန် ၅၀၀ ဘိလပ်မြေ ထုတ် လုပ် ရာမှ တန်ချိန် ၂၅၀၀ ထပ်မံတိုးမြှင့် ထုတ်လုပ်မည့်အပေါ် ဒေသခံများက ကန့်ကွက်နေကြကြောင်း သိရှိရသည်။
အဆိုပါ ဘိလပ် မြေ စက်ရုံ ကို သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်အတွင်း မြန်မာဂျီဒုန်း တရုတ်ကုမ္ပဏီ (Myanmar Jidong) ထံသို့ BOT- စနစ်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ကိုင်နိုင်ရန် အကျိုးတူပူးပေါင်းမှုစာချွန်လွှာဖြင့် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘိလပ်မြေ တရက်လျှင် တန်ချိန် ၂၅၀၀ တိုးထုတ်ရန် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတခုကိုလည်း တည်ဆောက်ရန် ပြင်ဆင်မှုကြောင့် ဒေသခံများက ကန့်ကွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
သရက်မြို့နယ်အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးတင်အောင်မြင့်က “တန်ငါးရာဆို အိတ်တသောင်းကို သူတို့ကငါးဆတိုး ထုတ်မယ်။ တနေ့အိတ်ငါးသောင်း၊ ထုံးကျောက်ကို အခြေခံပြီးတော့ ထုတ်မယ်။ သူတို့ထုတ်မယ့်အတိုင်း ဆယ်နှစ် ကျော်လောက်ဆို ထုံးကျောက်တောင်ကြီးက ကျနော်တို့အရှေ့က ပျောက်သွားမှာကို ကျနော်တို့ မြင်နေတယ်။ ငါးဆတိုး ထုတ်လိုက်လို့ ခံစားရမယ့် အမှုန်အမွှားတွေ မီးသင်းဖိုကထွက်လာမယ့် ဘေးထွက်ဆိုးကျိုးတွေအပြင် စရိတ်သက်သာဖို့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကိုလည်းသုံးမယ်ဆိုတော့ ကျနော်တို့မြို့သူ့မြို့သားတွေက ဒီအတိုင်း လက်ပိုက်ကြည့် နေလို့ မရတော့ဘူး”ဟု ပြောသည်။
ဘိလပ်မြေတန်ချိန် ၂၅၀၀ တိုးမြှင့်ထုတ်လုပ်ရာ၌ လောင်စာအဖြစ် ကျောက်မီးသွေးသုံး ၁၅ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ သစ်တခုကို တရုတ်ကျွမ်းကျင်လုပ်သား ၃၀၀ က တည်ဆောက်မည်ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဒေသတွင်း ပတ်ဝန်း ကျင်ဆိုင်ရာ အကြံပေးကုမ္ပဏီ (Sustainable Environment Myanmar- SEM Co.Ltd) ၏ အစီရင်ခံစာများအရ သိရှိရ သည်။
ဘိလပ်မြေများ တန်ချိန် တိုးချဲ့ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး သရက်ဘိလပ်မြေစက်ရုံမှ တာဝန်ရှိစက်ရုံမှူးကို ဧရာဝတီက သွားရောက်မေးမြန်းခဲ့သော်လည်း ဒု-စက်ရုံမှူး ဦးစောထွန်းကြိုင်က တာဝန်အရှိဆုံးဖြစ်သော စက်ရုံမှူး နေပြည်တော်သို့ သွားရောက်နေ၍ မဖြေဆိုနိုင်ပါကြောင်း ပြောဆိုသည်။
သရက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်က “ကျောက်မီး သွေး သုံးမယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူးလို့ ပြောလိုက်တယ်။ သူရဲ့ဆိုးကျိုးတွေက အများကြီးပဲ။ သဘာဝ ပတ်ဝန်း ကျင်လည်း ထိခိုက်တယ်။ အဲဒါကြောင့် ကျမတို့က လက်မခံဘူး။ ပြည်သူတွေရဲ့ဆန္ဒမရှိရင် ဒီစီမံကိန်းကို ရပ်နားသင့်ပါ တယ် လို့ မြန်မာဂျီဒုန်းကုမ္ပဏီကို ကျမပြောလိုက်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
သရက်ဘိလပ်မြေစက်ရုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ စက်ရုံမှရရှိသည့် အကျိုးအမြတ်ပေါ်တွင် မြန်မာဂျီဒုန်း တရုတ်ကုမ္ပဏီ (Myanmar Jidong) က ၉၇ ဒသမ ၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး၊ မြန်မာအစိုးရက ၂.၅ ရာခိုင်နှုန်း ခံစားရရှိမည်ဖြစ်ကြောင်း ဒေါ်အေးယုမော်က ဆက်ပြောသည်။
သရက်ဘိလပ်မြေစက်ရုံကို ၁၉၃၅ ခုနှစ်က စတင်တည်ထောင်ခဲ့စဉ်က တရက်လျှင် တန် ၂၀၀ ကျ အင်္ဂလန်နိုင်ငံ ထုတ် စက် ဖြင့် အသုံးပြုထုတ်လုပ်ခဲ့ပြီးနောက်၊ ၁၉၅၇ ခုနှစ်တွင် တရက်လျှင် တန် ၄၀၀ ကျ ဂျာမနီနိုင်ငံထုတ်စက်များဖြင့် ပထမ အကြိမ် တိုးချဲ့ထုတ်လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ဂျပန်နိုင်ငံထုတ် စက်များဖြင့် အစားထိုးထုတ်လုပ်ခဲ့ပြီး၊ ၁၉၉၉ ခုနှစ် တွင် တရက်လျှင်တန် ၄၀၀ ကျ တရုတ်နိုင်ငံလုပ် စက်များဖြင့် လုပ်ကိုင်ခဲ့ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပိုဆိုးရွားလာကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။