ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရိုးရာ ယာဉ်ကျေးမှု ဝတ်စုံဖြင့် ဧည့်ကြို လုပ်မှုကို မျိုးချစ် မြန်မာ ရဟန်း တော်များ သမဂ္ဂ ကန့်ကွက်ခဲ့ပြီးနောက် ဆီဒိုးနားဟိုတယ်မှ တာဝန်ရှိသူများနှင့် မေလ ၂၆ ရက်နေ့တွင် ဆွေးနွေးကြစဉ် သတင်းလာယူသည့် MCN (Myanmar Cable News) မှ သတင်းထောက်ကို ခြိမ်းခြောက် ပြီးသတင်းရယူခွင့် ပိတ်ပင်သည့်အပေါ် ရှုတ်ချကြောင်း ကြေညာချက်တရက် MCN က ထုတ်ပြန်သည်။
မေ ၂၆ရက်နေ့တွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာတော်တချို့သည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဟိုတယ်ဝန်ထမ်းများ ရိုးရာ ယဉ်ကျေးမှု ဝတ်စုံ ဝတ်ဆင်ပြီး ဧည့်ကြို မှု အပေါ် ဟိုတယ် တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်း မှုပြုလုပ်ခဲ့ကြောင်း၊ ထိုဆွေးနွေးမှု နှင့် ပတ်သတ်ပြီး MCN သတင်းထောက်မှ သတင်းရယူခွင့် အား ပိတ်ပင်လျက် ခြိမ်းခြောက်မှု ပြုလုပ်ပြီး မှတ်တမ်းဗွီဒီယို ဖိုင်များ ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ကြောင်း၊ ယင်းကဲ့သို့ လွတ်လပ်စွာ သတင်း ရယူခွင့် အား တားမြစ်ခဲ့သည့်အပေါ် ရှုတ်ချကြောင်းနှင့် ဖြစ်စဉ်အပေါ် ဥပဒေ အရ အကာ အကွယ် ယူသွားမည် ဖြစ် ကြောင်း MCN က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။
မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ ကို သက်ဆိုင်ရာ သံဃာတော်အဖွဲ့အစည်းများက သတိပေးမှုများ ပြုလုပ်ပေးရန်၊ သတင်း လွတ်လပ်စွာ ရယူခွင့် နှင့် တားဆီးမှုကို ကာကွယ် ဆောင်ရွက်ရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း MCN TV NEWS (Myanmar Cable News) (မြန်မာကေဘယ်လ်ရုပ်သံသတင်းဌာန) အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်က ပြောသည်။
“ဒီပြဿနာကို ပြေလည်အောင် မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့ ကို သက်ဆိုင်ရာ သံဃာအဖွဲ့အစည်းတွေအနေနဲ့ သတင်း လွတ်လပ်စွာရယူခွင့်လိုဟာမျိုးကို တားမြစ်တာတွေကို ကာကွယ်ဖို့ ဆောင်ရွက်ဖို့ ကျနော်တို့ ထပ် တောင်း ဆို သွားမယ်။ တကယ်လို့ မပေးဘူးဆိုရင်တော့ ကျနော်တို့ ထပ်ပြီးတော့ တရားစွဲဆိုသွားမယ်” ဟု ဦးအံ့ဘုန်းမြတ်က ဆိုသည်။
မျိုးချစ်ရဟန်းတော်များ သမဂ္ဂမှ သံဃာတချို့ နှင့် လူပုဂ္ဂိုလ်တချို့က လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ် စွာ သတင်း ထုတ်ပြန်ခွင့်ကို တားမြစ်ခဲ့သည့်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံတော် သမ္မတ ရုံး၊ သာသနာရေး ဝန်ကြီးဌာန၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သတင်းမီဒီယာကောင်စီ တို့က ဖြေရှင်း ပေးရန် MCN က တောင်းဆိုထားကြောင်း သိရှိရသည်။