ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် မေလ ၂၈ ရက်နေ့ က ပြုလုပ်ခဲ့သည့် ပလောင်(တအာင်း) တပ်မတော် (TNLA) ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကြောင့် ရှမ်းနှင့် ပလောင်(တအာင်း) လူမျိုးရေး ပဋိပက္ခဖြစ် ပေါ်လာမည်ကို ရှမ်းနှင့်ပလောင် ဒေသခံ လူမှုအဖွဲ့အစည်းများက စိုးရိမ်နေကြကြောင်း သိရသည်။
မေ ၂၈ ရက်နေ့က ကျောက်မဲမြို့တွင် ဒေသခံ ရှမ်းလူမျိုး၂၀၀၀ ခန့်က ရှမ်းပြည်တပ်မတော် RCSS/SSA ကို လိုလားခြင်း၊ ဟိုပန်ကျေးရွာတွင် မီးရှို့ဖျက်ဆီးသော TNLA သောင်းကျန်းသူ ရှမ်းပြည်မှ ထွက်သွားရန် ကြွေးကြော် သုံးနှုန်းခဲ့ခြင်းကြောင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေနိုင်သည်ဟု တအာင်း အမျိုးသမီး အဖွဲ့အစည်း နှင့် တအာင်း ကျောင်းသား နှင့် လူငယ်များ အဖွဲ့က မေ ၂၉ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
ဆန္ဒပြပွဲတွင် ရှမ်းပြည်အတွင်း တိုက်ပွဲများ ရပ်တန့်ခြင်း၊ ရှမ်းပြည်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများ ဖြေရှင်းပေးရန် ကြွေးကြော်မှု၊ ဆိုင်းဘုတ်ကိုင် လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
“ဆန္ဒပြမှုကြောင့် လူမျိုးရေး ပဋိပက္ခ ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်။ ဒီလိုပဲ ဆက်ပြီးတော့ သဘောထား ရှိမယ် ဆိုရင်တော့ လူမျိုးရေး ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့လည်း ထိန်းရမှာပေါ့” ဟု တအာင်း ကျောင်းသား နှင့် လူငယ်များ အဖွဲ့ မိုင်းမျိုးအောင် က ဧရာဝတီသို့ပြောသည်။
ထို ဆန္ဒပြမှု နောက်ကွယ်တွင် အဖွဲ့အစည်း တချို့ ကြိုးကိုင်နိုင်ကြောင်း၊ ဆန္ဒပြသည့် ဆိုင်းဘုတ်များတွင် အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားမှုကိုလည်း တွေ့ရကြောင်း၊ ဟိုပန်ကျေးရွာ မီးရှို့မှုကိုလည်း ပြန်လည်သုံးသပ် စစ်ဆေးသင့်ကြောင်းလည်း မိုင်းမျိုးအောင်က ဆိုသည်။
အမျိုးသားဗဟိုပြု ပညာရေးနှင့် သုတေသနအဖွဲ့ (ရှမ်းလူငယ်အဖွဲ့ – ရန်ကုန်) မှ စိုင်းအောင်မြင့်ဦး က “ဆန္ဒပြမှု နောက်ကွယ်မှာ တဖွဲ့ဖွဲ့တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါက နိုင်ငံရေးအတွက် အကောင်းဆုံး အသုံးချ နိုင်တယ်။ ပြည်သူတွေက ရိုးသားတဲ့အတွက် ဒါတွေကို အသုံးချနိုင်တယ်။ ကျနော်တို့အနေနဲ့ ဒါမျိုးတွေကို ကန့်ကွက် တယ်။ ပြည်သူတွေကို နောက်ကွယ်ကနေ အသုံးချတယ်ဆိုတာကို ကျနော်တို့ လက်မခံဘူး” ဟု ဧရာဝတီသို့ ပြောသည်။
RCSS/SSA နှင့် TNLA တိုက်ပွဲများကြားတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ရှိ ဟိုပန်ကျေးရွာ သည် မေလဆန်း တွင် ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရပြီး အဆိုပါ ဖျက်ဆီးခံရမှုသည် ပလောင်တပ်မတော်က ပြုလုပ်သည်ဆိုသော စွပ်စွဲမှုများ ဆန္ဒပြသူများက လုပ်ဆောင်ကြကြောင်း သိရှိရသည်။
ယင်းဆန္ဒပြမှုတွင် သုံးနှုန်းထားသည့် စာသားများမှာ ပြင်းထန်ကြောင်း၊ အဓိကအနေဖြင့် ဟိုပန် ကျေးရွာ မီးရှို့ ဖျက်ဆီးမှုကို အဖြေမရှာနိုင်သေးသဖြင့် မီးရှို့မှု အတွက် အဖြေကို မြန်ဆန်စွာရှာသင့်ကြောင်း၊ အဖြေရှာ နိုင်မှ သာ ညှိနှိုင်းမှု လွယ်ကူနိုင်ကြောင်း စိုင်းအောင်မြင့်ဦးက ဆိုသည်။
ရှမ်းနှင့် တအာင်း လူမျိုးရေး ပဋိပက္ခ မဖြစ်ပွားနိုင်စေရန် တအာင်းမိဘပြည်သူများက သဘော ထား ကြီးစွာဖြင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေမည့် အပြောအဆို၊ လုပ်ရပ်များ မပြုလုပ်ကြရန်နှင့် မူလအတိုင်း ချစ်ခင် စွာ နေ ထိုင် ကြရန် တအာင်း အမျိုးသမီး အဖွဲ့အစည်း နှင့် တအာင်း ကျောင်းသား နှင့် လူငယ်များ အဖွဲ့၏ သဘော ထား ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မှ စတင်ကာ အဆိုပါ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ အကြား တိုက်ပွဲပြင်းထန် နေသဖြင့် ဒုက္ခသည် ၄၀၀၀ ကျော် စစ်ဘေးရှောင်ရန် ထွက်ပြေးခဲ့ရကြောင်း သိရသည်။