တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲ (Myanmar Youth Forum – MYF – 2016) ကို ဇွန်လ ဒုတိယပတ် အတွင်း၌ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း MYF – 2016 ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
MYF 2016 ကိုဇွန်လ ၁၁ ရက်မှ ၁၃ အထိ ၃ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဖိုရမ်တွင် လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး ပြဿနာ၊ လူငယ်နှင့် သဘာ၀ ပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ့်ရေးရာ မူဝါဒစသည့် ကဏ္ဍ ၅ ခုကိုဆွေးနွေးသွားမည် ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့က မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖိုရမ်ဖြစ်မြောက်ရေး ညှိနှိုင်းရေးမှူး ကိုဂျိုးဇက်ဝါးက ပြောသည်။
ယခုတကြိမ် ပြုလုပ်သည့် ဖိုရမ်တွင် လူငယ်များနှင့် ပတ်သက်၍ ခိုင်မာသည့် မူဝါဒရေးရာ ပေါ်ပေါက်လာရေးအတွက် အကြံပြုချက်များ ခိုင်ခိုင်မာမာ ပေါ်ထွက်လာရေးကို အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၎င်းက ဆက်လက် ပြောဆိုသည်။
ကိုဂျိုးဇက်ဝါးက “အစိုးရအနေနဲ့ လူငယ်တွေနဲ့ ပတ်သက်တဲ့ မူဝါဒရေးရာ တိတိကျကျ ခိုင်ခိုင်မာမာ ချမှတ်လာအောင်လို့ တိုက်တွန်းသွားတာတွေ လုပ်သွားမယ်” ဟု ဆိုသည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လူငယ်ရေးရာ မူဝါဒ ပေါ်ပေါက်လာရန် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သည့် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲမှ စတင်၍ တင်ပြတောင်းဆိုခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
သို့သော် လူငယ်များ၏ ဆက်လက် တောင်းဆိုမှုကြောင့် ယခုအစိုးရသစ် လက်ထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်တွင် လူငယ်မူဝါဒရေးဆွဲရေး အတွက် ထည့်သွင်းထားသည်ဟု အစီအစဉ်ရေးဆွဲရေး လုပ်ငန်းကော်မတီဝင် ကိုရဲဝင်းထွဋ်က ပြောသည်။
“လက်ရှိအစိုးရ အနေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို သတ်မှတ်ပုံဖော်ပေးဖို့ လူငယ်ရေးရာ မူဝါဒကို မကြာမီ ပြဋ္ဌာန်းတော့မှာ ဖြစ်တယ်။ ဒီလိုပြဋ္ဌာန်းတဲ့ နေရာမှာ ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကနေ လူငယ်တွေ၊ ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးပြီး မူကြမ်းရေးဆွဲရေး ကော်မတီကို ပို့ဆောင်ပေးရမှာ ဖြစ်တယ်။ ဒီနှစ် ၂၀၁၆ လူငယ် တွေ့ဆုံပွဲဟာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအတွက် အထူးပဲ အရေးကြီးတဲ့ပွဲတခု ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၈ နိုင်ငံအနက် ၁၂၂ နိုင်ငံတွင် အမျိုးသားလူငယ်ရေးရာ မူဝါဒများ ရှိကြပြီး လူငယ်ရေးရာ မူဝါဒရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံ ၃၁ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း သိရသည်။
၂၀၁၆ လူငယ်ဖိုရမ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လူငယ်စုစုပေါင်း ၃၅၀ ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်မည့် လူငယ်များအနေဖြင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များမှ Focal Person များနှင့် ချိတ်ဆက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အသက်သတ်မှတ်ချက် အနေဖြင့် ၁၈ မှ ၃၅ နှစ် အကြား သတ်မှတ်ထားကြောင်း ကိုရဲဝင်းထွဋ်က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ကျား/မ တန်းတူအခွင့်အရေ၊ မသန်စွမ်း အခွင့်အရေး၊ သဘာ၀ ပတ်ဝန်းကျင်၊ ပညာရေးဆိုင်ရာ ကိစ္စများကို လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း ဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဟု ဆိုသည်။
ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ လည်းကောင်း၊ ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လည်းကောင်း ပြုလုပ်ခဲ့ပြီး အလှည့်ကျ မဲနှိုက်စနစ်အရ တတိယအကြိမ်ကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပျိုးပင်အဖွဲ့၊ Partner Asia , FHI-360 စသည့် နိုင်ငံတကာ INGO အဖွဲ့အစည်းများမှ အဓိက ပံ့ပိုးကူညီထားပြီး ပြည်တွင်းအဖွဲ့အစည်း တချို့ကလည်း ပံ့ပိုးကူညီထားကြောင်း၊ အလှူရှင် အဖွဲ့အစည်းများ စာရင်းကို အပြီးသတ် မစိစစ်ရသေးသည့်အတွက် အသေးစိတ် မပြောသေးနိုင်ကြောင်း၊ ပွဲတခုလုံးအတွက် ကုန်ကျမည့် ဘတ်ဂျက်ငွေကို သိန်း ၄၅၀ ဝန်းကျင် လျာထားသတ်မှတ် ထားသော်လည်း အသေးစိတ် ကုန်ကျငွေကို ပွဲပြီးမှသာ တရားဝင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြာင်း ကိုရဲဝင်းထွဋ်က ဧရာဝတီသို့ ပြောသည်။