ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာမည်ကျော် Tiger Temple (ကျားကျောင်း)အတွင်းမှ သေဆုံးနေသည့် ကျားပေါက် ကောင်ရေ ၄၀ ကျော်နှင့် တခြားသော တောရိုင်းတိရိစ္ဆာန်များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ယနေ့နံနက်ပိုင်း အာဏာပိုင်များက သိမ်းဆည်းရမိခဲ့တယ်လို့ Khaosod သတင်းကဆိုပါတယ်။
အဆိုပါ ကျားပေါက် ၄၀ကျော်ဟာ လတ်တလောသေဆုံးပုံရှိတယ်လို ရေးသားထားပြီး၊ ဒါအပြင် ဒရယ်ချိုများ၊ တောဝက် အသေတကောင်၊ နွားခေါင်းတွေလည်း တွေ့ရတယ်လို့ သိရပါတယ်။
အဆိုပါ Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းဟာ ကျားတွေကို မွေးမြူ လေ့ကျင့်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်း လုပ်ဆောင်နေတာဟာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်စေတဲ့အပြင် တိရစ္ဆာန်အခွင့်ရေး ဆုံးရှုံးနေပြီး၊ တရားမဝင်တိရစ္ဆာန် ရောင်း ဝယ်မှုတွေ၊ ကျား အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်မှာ ထိုင်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ကျောင်းကို ပိတ်ဆို့ကာ ကျား ၁၃၇ကောင်ကို ရပ်ချ်ဘူရီရှိ အမျိုးသား ဥယျာဉ်ကို ရွေ့ပြောင်းနေတာဖြစ်ပါတယ်။
တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်သူများကတော့ ရှေးယခင်ကတည်းက ကျားကျောင်းဟာ တောရိုင်းတိရိစ္ဆာန်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတယ်လို့ စွပ်စွဲထားပေမယ့် ကျားကျောင်းကတော့ ငြင်းပယ်ထားပါတယ်။
တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးဌာနမှ အရာရှိ Yanyong Lekavichit ကတော့ ကျားပေါက် အသေ တွေကို အအေးခန်းတခုမှ တွေရှိတာဖြစ်တဲ့အတွက် ဒါဟာ ပုံမှန်အခြေအနေမဟုတ်ဘူးလို့ ကောက် ချက်ချခဲ့ပြီး၊ အခုလို ကျားပေါက်အသေတွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူကို ရှာဖွစုံစမ်းသွားမယ်လို့ လည်း သူကဆိုပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျားကျောင်းရဲ့ အကျိုးဆောင်ရှေ့နေ Saiyood Pengboonchoo ကတော့ မှတ်ချက်ပေးခြင်း မရှိပါဘူး။