မြန်မာနိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်ရှိ စစ်ဘေးရှောင်ကလေး ၁၀၀ ကျော်သည် ကျောင်းတက်ရန် ခက်ခဲနေပြီး ကျောင်းတက်ခွင့် မရသေးကြောင်း သတင်းရရှိသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစန်းစန်းအေးက “ ကလေးတွေစာသင်ဖို့ အဆင်မပြေသေးဘူး။ နီးစပ်ရာကျောင်းမှာ ကျောင်းလိုက်တက်ဖို့ ပညာရေးဝန်ကြီးနဲ့ ညှိနေတယ်။ ဒါပေမယ့် အခြေအနေ ကြည့်မယ်၊ တကယ်လို့ သူတို့နေရပ်တွေဆီကို ပြန်လို့ရမယ်ဆိုရင် သူတို့ရွာတွေ ပြန်ရောက်တာနဲ့ ဆရာမတွေလည်း ရောက်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
သီပေါမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ အကြား မေ ၁၂ ရက်နေ့မှ စတင်၍ တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည်များကို သီပေါ မြို့ နယ် ရှိ မြို့ဟောင်းဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာ ဘိုးတော်ကြီးကျောင်း၊ ရွှေကျောင်း၊ ခန္တီရာမကျောင်းတို့ တွင် ထား ရှိကြောင်း သိရသည်။
ရွှေကျောင်းမှ စစ်ဘေးရှောင်ဒုက္ခသည်များသည် ယနေ့ နေရပ်ပြန်သွားပြီဖြစ်ပြီး သက်ဆိုင်ရာ ကျေးရွာရှိ ဘုန်းကြီးကျောင်း တွင် ကျောင်းတက်နိုင်ရန် စီစဉ်ထားကြောင်း နန်းစန်းစန်းအေးက ဆက်ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပေးနေသည့် ဒေသခံ နန်းမြကြည်က “ ဒီရက်ပိုင်းမှာတော့ ကျောင်းတက်လို့မရဘူး။ ကျောင်းတက်ဖို့ ခက်ခဲဦးမယ်။ဘာမှလည်း မပြင်ဆင်ရသေးဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ စီစဉ် ပေးနေ ပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ကျောက်မဲမြို့နယ်၌ စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ကျော် ကျန်ရှိနေသေးကြောင်းနှင့် သီပေါမြို့ အောင်မင်္ဂလာ ဘိုးတော်ကြီးကျောင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များသည် ကျောင်းဖွင့်ချိန်အမီ စစ်ပွဲများ အမြန်ဆုံး ရပ်တန့် ပေးရန်၊ စစ်ပွဲတင်းမာမှုများ လျှော့ချပေးရန် မေ ၃၀ ရက်နေ့ဆန္ဒပြခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် စစ်ဘေးရှောင်ကလေးငယ်များ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် အရေးကြီးအဆိုကို ပလောင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက မေ ၂၅ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သော်လည်း ထိုအဆို မှာ ပယ်ချခြင်းခံခဲ့ရကြောင်း သိရှိရသည်။