ပြီးခဲ့သည့် ရက်များက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ်များက စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့ပြီးနောက် မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) က ပြန်လည် သုံးသပ်ရန်ရှိနေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဓာတ်ပုံမရိုက်ရန် ဧရာဝတီမှ ဓာတ်ပုံ သတင်းထောက်တဦး မေလ ၃၁ ရက်နေ့တွင် ခြိမ်းခြောက် တားမြစ်ခြင်း ခံခဲ့ရသည်။
အထပ် ၁၂ ထပ်ပါဝင်မည့် ထိုအဆောက်အဦးသည် ခရေပင်လမ်းနှင့် အလုံလမ်းထောင့် ဒဂုံမြို့နယ်အတွင်းတွင်ရှိပြီး အနီး တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၊ ရန်ကုန်တိုင်းလွှတ်တော် နှင့် တိုင်းဝန်ကြီးချုပ်၏ နေအိမ်တို့ ရှိနေသည်။
အဆိုပါ စီမံကိန်းသည် အစိုးရအဆောက်အဦများနှင့် အလွန်နီးကပ်စွာ ရှိနေသည့်အတွက် YCDC က ပြန်လည်သုံးသပ် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေလ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း လွှတ် တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်တဦးက စီမံကိန်းသည် YCDC ၏ စည်းမျဉ်းစည်း ကမ်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိမေးမြန်းခဲ့သည့်အတွက် ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အဆောက်အဦး တည် ဆောက်ခွင့်ကို ယခင်တိုင်းအစိုးရ အဖွဲ့က ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ဝမင်း ကုမ္ပဏီအုပ်စုက တည်ဆောက်နေသော Manawhari Commercial Complex ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဓာတ်ပုံရိုက်ရန် ဧရာဝတီမှ ဓာတ်ပုံသတင်းထောက် မျိုးမင်းစိုးကို တာဝန်ပေးအပ်ခဲ့ပါသည်။
လုပ်ငန်းခွင်နှင့် လမ်းခြားသည့် လူသွားစင်္ကြ ံပေါ်မှနေ၍ ဓာတ်ပုံရိုက်နေစဉ် အဆိုပါ စီမံကိန်းတွင် အလုပ်လုပ်နေသူများဟု ယူဆရသည့် ဖိုင်ဘာ ဦးထုပ်ဆောင်းပြီး လုပ်ငန်းခွင်သုံး ဝတ်စုံများ ဝတ်ဆင်ထားကြသူများက အနားကို ချဉ်းကပ်လာကြသည်ဟု ဓာတ်ပုံသတင်းထောက်က ပြောသည်။
“ကျနော် ဓာတ်ပုံ ၂ ပုံ ၃ ပုံလောက်ပဲ ရိုက်ရသေးတယ် လူ ၂ယောက်ရောက်လာပြီး ခွင့်ပြုချက် မရှိဘဲ ဘာဖြစ်လို့ ဓာတ်ပုံ ရိုက်ရတာလဲလို့ မေးပါတယ်” ဟု သူကပြောသည်။
ထို့နောက် လုပ်ငန်းခွင် အတွင်းမှ နောက်ထပ် လူများရောက်လာကြပြီး သူ့ကို ဝိုင်းရံထားလိုက်ကြသည်။ “သူ့ကိုပေးမသွား နဲ့” ဟုလည်း အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။
ထို့ကြောင့် ဓာတ်ပုံသတင်းထောက်က သူ၏ လုံခြုံမှုအတွက် အနီးတွင် ရှိသော လွှတ်တော် လုံခြုံရေး အစောင့်ရုံးအတွင်းသို့ ဝင်ရောက်နေခဲ့ရသည်။ သူ့ကို အပြင်ဘက်မှနေ၍ လူ ၁၅ ဦးခန့်က စောင့်ဆိုင်းနေခဲ့သည်။ တချို့မှာ အထဲသို့ဝင်ရန် ကြိုးစားသောကြောင့်လုံခြုံရေး ရဲအဖွဲ့ဝင်များက တားဆီးခဲ့ရသည်။ အထဲသို့ဝင်ခွင့် မရသောကြောင့် ဧရာဝတီ ဓာတ်ပုံသတင်းထောက်အား အပြင်ဘက်မှနေ၍ ဓာတ်ပုံရိုက်ယူခဲ့ကြသည်။
“တကယ်လို့ အဲဒီမှာ လုံခြုံရေးရုံးသာ မရှိဘူးဆိုရင် ကျနော် ဘာဖြစ်သွားမလဲ မသိဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ထဲက တချို့လူတွေရဲ့ပုံစံက တကယ်လုပ်မယ့် ပုံတွေ” ဟု ဓာတ်ပုံဆရာက ပြောသည်။
“အများပြည်သူ သွားလာနေတဲ့နေရာမှာ ဓာတ်ပုံရိုက်တာကို ကျနော်က ဘာကြောင့် ခွင့်ပြုချက်ယူရမှာလဲ။ သူတို့က ဘာကို ကြောက်နေတာလဲ။ သူတို့က ဥပဒေနဲ့ မညီတာ တခုခု လုပ်နေလို့လား။ ဒီစီမံကိန်းက နိုင်ငံတော် လုံခြုံရေးနဲ့ ဆိုင်သလား။ သူတို့က မီဒီယာကို ခြိမ်းခြောက်နေတာလား” ဟု ဓာတ်ပုံသတင်းထောက် မျိုးမင်းစိုးက မေးခွန်းထုတ်ခဲ့သည်။
ယခုဖြစ်ရပ်သည် ရက်အနည်းငယ်အတွင်းတွင် နောက်တကြိမ်ပေါ်ပေါက်ခဲ့သော မီဒီယာ လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုဟု ယူဆရသည့် ကိစ္စတခုဖြစ်သည်။ မေလ ၂၆ ရက်နေ့က ရန်ကုန်မြို့ရှိ အဆင့်မြင့် ဟိုတယ်တခုဖြစ်သည့် Sedona ဟို တယ် မှ တာဝန်ရှိသူများ နှင့် ဘုန်းတော်ကြီးများ တွေ့ဆုံ ဆွေးနွေးနေကြသည်ကို သတင်းယူရန် ကြိုးစားခဲ့သော ပြည်တွင်း မီဒီယာ တခုမှ သတင်းထောက် တဦးကိုလည်း အမျိုးသားရေး ဝါဒီ ဘုန်းတော်ကြီးများက တားဆီးခဲ့ကြသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ အမှုဆောင်တဦး ဖြစ်သော ဦးမြင့်ကျော်က အများပြည်သူ နှင့်ဆိုင်သည့်နေရာတွင် ဓာတ်ပုံရိုက်ခြင်းကို ဘောင်ကျော်သည်ဟု မယူဆနိုင်ကြောင်း ပြောသည်။
“တကယ်လို့ ဆောက်လုပ်ရေး ကုမ္ပဏီက ဒါကို အရေးယူချင်တယ်ဆိုရင် သတင်းထဲမှာ သူတို့ကို အသရေပျက်စရာ အကြောင်း တစုံတရာပါလာတဲ့ အခါမှ တရားဝင် ကန့်ကွက်မှု ပြုလုပ်နိုင်ပါတယ်။ အခုတော့ ဘာသတင်းမှလည်း မရေးရသေးဘူး။ လမ်းဘေး ပလက်ဖောင်းတခုမှာ ဓာတ်ပုံရိုက်တာကို တားဆီးတာက မီဒီယာကို ခြိမ်းခြောက်မှု တခုပဲ” ဟုလည်း သူက ပြောသည်။
ဧရာဝတီက အဆိုပါ တားဆီးပိတ်ပင်မှုနှင့် ပတ်သက်၍ ဒဂုံမြို့နယ် ရဲစခန်းသို့ တရားဝင် တိုင်ကြားခဲ့ပြီး ဖြစ်သည်။