တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) လက်မှတ် ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) သည် လာမည့် ဇွန် ၃ ရက်နေ့ တွင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင် သော အစိုးရ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်း ရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
UNFC ၏ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရ၏စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂)” နှင့် တွေ့ဆုံသွား ရန် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အစည်းအဝေး ပထမရက်တွင် သဘောတူညီခဲ့ခြင်း ဖြစ် ကြောင်း သိရှိ ရသည်။
UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က “ပေးပို့လာတဲ့စာအရ သူတို့အနေနဲ့ လာမယ့် ဇွန်လ ၃ ရက်နေ့မှာ တွေ့ဖို့ ရှိပါတယ်။ ဒီမှာ တစ်ခုတော့ရှိတာက ကျနော့် နာမည်နဲ့ပဲ စာကို ရေးသားပီးတော့ ပေးပို့ပါတယ်။ တစောင် ကတော့ ရိုးရိုး အီးမေးလ်နဲ့ ပေးပို့သူမရှိပေါ့နော်။ နာမည်မပါဝင်ဘူး။ ဒုတိယ တစောင်ကတော့ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင် လက်မှတ် နဲ့ပေါ့နော်။ ထပ်လောင်းပြီး အကြောင်းအရာတူ အီးမေးလ်တစ်စောင် ထပ်ပို့ပါ တယ်” ဟု ပြောသည်။
ဒေါက်တာတင်မျိုးဝင်းထံသို့ တွေ့ဆုံမည်ဟု ပြန်လည် အကြောင်းပြန်ထားကြောင်း၊ စာ၏ အဓိက ရည်ရွယ်ချက် သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များကို ဖိတ်ကြားပေးရန် ပါဝင် ကြောင်း သိရှိရသည်။
“သူတို့ ကတော့ ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအနေနဲ့ ကျနော်တို့ကို တွေ့ချင်တယ်လို့ ပြော တယ်။ ဘာကိစ္စ ဆွေးနွေး ချင်တယ်ဆိုတာတော့ မပါဘူးပေါ့နော်။ ဒီနေရာမှာ အဖွဲ့အစည်း နာမည်လည်း ထည့် မထားတော့ ကျနော်တို့ ဒီကိစ္စ တွေကို ဆွေးနွေးဖြစ်ပါတယ်။ သူတို့က ရိုးရိုးလေးပဲ ရေးပါတယ်။ ဒီ ကျနော် တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များဆိုပြီးတော့ပေါ့။ ဘယ် အဖွဲ့ကို ဆိုလိုသလဲ။ ဘယ်ခေါင်းဆောင်ကို ဆိုသလဲတော့ မပါဘူး။ သို့သော်လည်း ကျနော့်ကို မေတ္တာရပ်ခံ ထားတာ ကတော့ ပါနိုင်သ လောက် များများ ပါနိုင်ရင်တော့ ကောင်းတာပေါ့။ အထူးသဖြင့် NCA လက်မှတ် မရေး ထိုး ထား ရသေးတဲ့ အဖွဲ့အစည်း တွေကို ဖိတ်ကြားပေးပါ။ ခေါင်းဆောင်တွေနဲ့ တွေ့ချင်ပါတယ်ဆိုတဲ့ သဘော ပေါ့” ဟု UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ် က ဆိုသည်။
UNFC သည် အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ပြီး နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုများတွင် အစုအဖွဲ့ အနေဖြင့်သာ တွေ့ဆုံရမည် ဟူသည့် မူကို ဆက်လက် ဆုပ်ကိုင်ထားသည်။ ထိုအတွက် UNFC မှ နုတ် ထွက်ခွင့် တောင်းထား သည့် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA တို့ကိုလည်း ပါဝင်လာစေရန် အကြောင်းကြားထားကြောင်း သိရှိရသည်။
UNFC အဖွဲ့ဝင် ၉ ဖွဲ့အနက် ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များတက်ရောက်သည့် ယနေ့အစည်းအဝေးတွင် DPN ၏ မဟာ ဗျူဟာ ရှေ့ လုပ်ငန်းစဉ်များကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း၊ ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့နှင့် ပြန်လည် တွေ့ဆုံရေးကိုလည်း ဆွေးနွေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးအတွင်း မေလ အစောပိုင်း က တပ်ပေါင်းစုမှ နုတ်ထွက်ခွင့်တောင်းဆိုထားသော TNLA နှင့် MNDAA ကိစ္စ၊ ယခင် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ဆိုင်သော ကိစ္စရပ်များနှင့် UNFC က ပြုစုထား သည့် ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတို့ကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ အစည်းအဝေးသို့ MNDAA ကိုယ်စားလှယ် တက်ရောက်ခြင်း မရှိဘဲ MNDAA နှင့် PSLF/TNLA တို့သည် တပ်ပေါင်းစုမှ ခွဲထွက်ကာ မြောက်ပိုင်းရှိ အင်အားကြီး ၀ အဖွဲ့နှင့် မဟာမိတ် ပြုသွားမည့် အနေအထား များ ရှိ ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
TNLA ခေါင်းဆောင်တချို့ကမူ အစိုးရနှင့် တပ်မတော်က လက်မခံလိုသည့် ၎င်းတို့အဖွဲ့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အနှောင့်အယှက် မဖြစ်စေလိုသောကြောင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ် အဖွဲ့တွင် အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပြီး UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ် မှ ဦးဆောင်ကာ ကချင်လွတ်မြောက်ရေး လွတ်မြောက်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော် နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် SSPP/SSA မှ တိုင်းရင်း သား မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ ဗိုလ်ချုပ် စိုင်းထွန်း တို့က ဒုတိယ ခေါင်းဆောင်များအဖြစ် ပါဝင် ကြောင်း သိရှိရသည်။