ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာမည်ကျော် Tiger Temple (ကျားကျောင်း)အတွင်းမှ ကျားပေါက် အသေ ကောင်ရေ ၄၀ကို သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး အရေးယူမှုများ ပြုလုပ်သွားဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ တောရိုင်း တိရိစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး အာဏာပိုင်များက ဆိုကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။
မနေ့က ထိုင်း တောရိုင်းတိရိစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး အာဏာပိုင်များက ကျားကျောင်းအတွင်းက မီးဖိုချောင်ကို စီးနင်းရှာဖွေရာ မှာ အအေးခန်းထဲကနေ ကျားပေါက် အသေကောင်များ၊ ရှည့် အပါအဝင် တောဝက် အသေတကောင်နဲ့ ဒရယ်ချိုတွေအပြင် ကျောင်းအောက်ထပ်မှာ ခြင်္သေတကောင်နဲ့ ရှားပါး ငှက်တွေကိုလည်း တွေ့ခဲ့ရတာပါ။
ယခုလိုတွေ့ရှိမှုနဲ့ ပတ်သက်ပြီး အမျိုးသားဥယျာဉ် တောရိုင်းတိရိစ္ဆာန်နဲ့ သစ်ပင်ထိန်းသိမ်းရေးဌာန(DNP) က ကျွမ်းကျင်သူတွေနဲ့ ရဲတပ်ဖွဲ့တို့ တွေ့ဆုံကာ အရေးယူမှုပြုလုပ်သွားမယ်လို့ ယင်းဌာန အကြီးအကဲ Thanya Netithammakun ကဆိုပါတယ်။
ဒါအပြင် ကျားသေတွေရဲ့ DNA ကို လက်ရှိ ဘုန်းကြီးကျောင်းမှာရှိတဲ့ ကျား ၁၃၇ကောင်နဲ့ တိုက်ဆိုင်စစ်ဆေး မယ် တူခဲ့ရင်တော့ Tiger Temple (ကျားကျောင်း)ဟာ ကျားလေးတွေ ထပ်မံပေါက်ဖွားတာကို အာဏာပိုင် တွေဆီကို အကြောင်းမကြားတဲ့အတွက် ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကျားပေါက်တွေဟာ ကျောင်းမှာပေါက်ဖွားတာမဟုတ်ဘူးဆိုရင်လည်း ဘယ်ကရလာသလဲဆိုတာကို ကျား ကျောင်းတာဝန်ရှိသူတွေအနေနဲ့ ရှင်းလင်းရလိမ့်မယ်၊ ဒါအပြင် တခြားတောရိုင်းတိရိစ္ဆာန်တွေဟာ လည်း ကျောင်းရဲ့ တင်ပြထားတဲ့စာရင်းထဲမှာ မပါတဲ့အတွက် တရားမဝင်ပိုင်ဆိုင်မှုဖြစ်တယ်လို့ ဆိုပါတယ်။
Wat Pa Luangta Bua Yannasampanno ဘုန်းကြီးကျောင်းဟာ ကျားတွေကို မွေးမြူ လေ့ကျင့်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်း လုပ်ဆောင်နေတာဟာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်စေတဲ့အပြင် တိရစ္ဆာန်အခွင့်ရေး ဆုံးရှုံးနေပြီး၊ တရားမဝင်တိရစ္ဆာန် ရောင်း ဝယ်မှုတွေ၊ ကျား အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ကျောင်းကို ပိတ်ဆို့ကာ ကျား ၁၃၇ကောင်ကို ရပ်ချ်ဘူရီရှိ အမျိုးသား ဥယျာဉ်ကို ရွေ့ပြောင်းနေတာဖြစ်ပါတယ်။