ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့နှင့် ပလောင် (တအာင်း) တပ်မတော် အဖွဲ့တို့ကြား ဖြစ်ပွားနေ သော စစ်ရေး ပဋိပက္ခများ ပြေလည်ရေး အတွက် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ် သည်။
ထိုတိုက်ပွဲများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၁ ရက်က ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ (UNFC) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့် RCSS/SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
UNFC သည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစု အဖွဲ့ ဖြစ်သည်။
RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က “ပဋိပက္ခဖြစ်နေတဲ့ ကိစ္စတွေကို UNFC က ကြားဝင်ကူညီ ဖြေရှင်းပေးမယ် ပြော ထား တာကို ကျနော်တို့ ဥက္ကဋ္ဌ ကလည်း လက်မှတ်ရေးထိုးပြီးတော့ UNFC ဥက္ကဋ္ဌ ထံ အကူညီတောင်း ထားတာ ရှိတာကိုး။ အခု အစည်းဝေး ရောက်တုန်းရောက်ခိုက်မှာ နှစ်ဦးနှစ်ဖက်တွေ့ဆုံပြီး ဒီကိစ္စတွေ ပြောတာပဲ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
UNFC အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS/SSA နှင့် ပဋိပက္ခဖြစ်ပွားမှုကို ကြားဝင် စေ့စပ် ပေးရန် UNFC ကို တောင်းဆိုခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်ဘက် မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းရေး သည်လည်း ယခုအချိန်အထိ အကောင်အထည်မပေါ်သေးဘဲ ဖြစ်နေသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို အစိုးရသစ်က ဖွဲ့စည်းထား သော စေ့စပ်ညှိနှိုင်းရေးအဖွဲ့က တွေ့ဆုံရန်ရှိကြောင်း RCSS ကို ရှင်းပြခဲ့သည်ဟုလည်း ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
“လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့အတူ ငြိမ်းချမ်းရေးကို ဘယ်လိုနည်းနဲ့ ပူးပေါင်းဆာင်ရွက်ကြမလဲဆိုတာ အစိုးရရဲ့ မူဝါဒတွေကို သိရှိပြီးနောက်ပိုင်း ပြန်ပြီးတော့အမြင်ချင်းတွေ ဖလှယ်ကြဖို့ ဆွေးနွေးသွားတာလည်း ရှိပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
RCSS/SSA သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အခြားသော တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့်အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကိုလက်မှတ် ရေးထိုး ခဲ့သောအဖွဲ့ဖြစ်ပြီး PSLF/TNLA သည် အစိုးရနှင့် အပစ်ရပ် လက်မှတ် ရေးထိုးထားခြင်းမရှိသေးသော အဖွဲ့ဖြစ်သည်။
RCSS/SSA သည် NCA လက်မှတ်ထိုးပြီး တလအကြာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလပိုင်းထဲတွင် PSLF/TNLA နှင့် နယ်မြေ အငြင်းပွားမှုမှ တဆင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံ ပြည်သူများ ထိခိုက် သေဆုံးခြင်း၊ ရိုက်နှက်ညှဉ်းပန်းခံရခြင်း၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်ရခြင်းများ ဖြစ်ပွားခဲ့ သည်။