သတင်း

တပ်မတော်က အရပ်သားများကိုသတ်ဖြတ်နေဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အစီရင်ခံစာ ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အထက်ရဲရွာ ရေကာတာ စီမံကိန်း အနီးတွင်  အစိုးရ တပ်မတော်က အရပ်သားများကို ညှင်းပန်းနှိပ်စက်မှု နှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ ပြုလုပ်နေသည် ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ဇွန် ၁ ရက်နေ့ ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရ တပ်မတော်က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို တိုက်ခိုက်သည့် ကာလများ အတွင်း အရပ်သားများ တိုက်ပွဲတွင်း လူသားဒိုင်း အဖြစ် အသုံးပြုခဲ့ကြောင်း ယင်း အစီရင်ခံစာတွင် ရေးသားထားသည်။

အစီအရင်ခံစာ အရ မေ ၁၁ ရက်နေ့မှ မေ၂၁ ရက် အတွင်း တိုက်ပွဲတွင် ဒေသခံရွာသား ၅၆ ဦး အနက် ရွာသား ၉ ဦးမှာ ညှင်းပန်းနှိက်စက်ခံရပြီး သတ်ဖြတ်ခံရကြောင်းလည်း ဖော်ပြထားသည်။

ထိုအစီရင်ခံစာ နှင့် ပတ်သက်ပြီး ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် မှ ပြောရေး ဆိုခွင့်ရှိသူ စိုင်းခွန်းမိုင်က “ အရပ်သား တွေကို စစ်အကာအကွယ်အဖြစ် ပြုလုပ်ခိုင်းတာတွေ၊ လျှပ်စစ်နှင့် ရှော့ခ် တိုက်ပြီး ပစ္စည်းတွေ သယ်ခိုင်းတာတွေ လုပ်တဲ့အပေါ် ကျနော်တို့ကတော့ ရှုံ့ချပါတယ်။ ပြစ်မှု ကျူးလွန်သူတွေကိုလည်း တရားဥပဒေ အရ အရေးယူ တားမြစ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရတပ်မတော် က မေ ၁၃ ရက်တွင်  စစ်ရဟတ်ယာဉ် ဖြင့် ကျောက်မဲမြို့နယ်အတွင်း ရှိ  ရွာ ၈ ရွာကို ဗုံးကြဲခဲ့ပြီး ဒေသခံ စစ်ဘေးရှောင်များက ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ တချို့ ကျေးရွာများရှိ ဒေသခံများမှာလည်း မေလ ၂ ရက် အထိ နေထိုင်ရာကျေးရွာများသို့ မပြန်နိုင်သေးကြောင်းလည်း စိုင်းခွန်းမိုင် ကဆိုသည်။

အစိုးရ တပ်မတော် နှင့် SSPP/SSA တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အကြောင်းရင်းမှာ အထက်ရဲရွာ ရေကာတာ စီမံကိန်း ကို ဒေသခံများက ကန့်ကွက် ဆန့်ကျင်မှုပြုလုပ်ခဲ့သည့် စီမံကိန်းဖြစ်ပြီး၊ ရေကာတာ စီမံကိန်း ဆက်လက် တည်ဆောက်ရန် အတွက် အစိုးရတပ်မတော်က လုံခြုံရေး ထိန်းချုပ်ရန် ဖြစ်သည် ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာ ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျောက်မဲမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် အမတ် စိုင်းထွန်းဝင်း က “ကျနော်တွေ့ရတဲ့ နမ့်ဖတ် ကျေးရွာ က ရွာသားတဦးဆိုရင် ဆိုးဆိုးရွားရွား ခံရတယ်။ ခြေတလုံးကို သံချောင်းလိမ့်ခံရတာတို့၊ ရှော့(ခ်) တိုက်ခံခဲ့ရတဲ့သူူတွေကိုလည်း ကျနော်ကိုယ်တိုင်တွေ့ခဲ့တယ်။ သူတို့ပြောပြချက်ကတော့ စစ်တပ်ရဲ့ ရိက္ခာတွေ သယ်ပေးရတယ်လို့ ပြောပါတယ်” ဧရာဝတီသို့ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာ အနီးနှင့် ဝိုးလုံကျေးရွာအနီးတွင် မီးလောင်ခံထားရသည့် အလောင်း ၇ လောင်း ကို  မေလ ၂၀ ရက်က မျက်မြင် တွေ့ရှိရခဲ့ကြောင်းလည်း စိုင်းထွန်းဝင်းက ဆိုသည်။

ကျောက်မဲမြို့နယ် အစိုးရ တပ်မတော် မှ အရပ်သားများကို လူ့အခွင့်အရေးချိုးဖောက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ထံ တင်ပြသွားမည် ဟုလည်း စိုင်းထွန်းဝင်းက ပြောသည်။

“ တချို့ ရွာသားတွေက ရွာပြန်သွားကြပါပြီ။ ရွာပြန်သွားတဲ့သူတွေ အတွက် အာမခံချက်ကိုတော့ ကျနော်တို့ မပြောနိုင်ဘူး။ အဓိကတော့ အဲဒီဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးဆိုရင် ဒေသခံတွေအတွက် အန္တရာယ် မရှိနိုင်ပါဘူး။ ဒါပေမယ့် ဆက်ပြီး ကျူးလွန်မယ်ဆိုရင်တော့ အန္တရာယ်တော့ ရှိတာပေါ့” ဟု ၎င်း ကပြောသည်။

ရှမ်းမြောက် တိုက်ပွဲကိစ္စ၊ ကျေးရွာဒေသခံ များ အလောင်းများ တွေ့ရှိခဲ့သည့် ကိစ္စ၊ အစိုးရတပ်မတော်မှ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည့်ကိစ္စများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာန မှ ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံးကို ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိခဲ့ပေ။

Loading