ရန်ကုန်မြို့တွင် လျှပ်စစ်မီးရရှိရန် သွယ်တန်းထားသည့် ဓာတ်ကြိုး၊ ဓာတ်တိုင်များ၏ ဆက်သွယ်မှုပုံသဏ္ဍာန်သည် အန္တရာယ် ဖြစ်ပေါ်စေသည့် အခြေအနေများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဝန်ခံပြောဆိုလိုက်သည်။
ယနေ့ ဇွန် ၂ ရက်နေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အမှတ် ၂ မင်္ဂလာ တောင် ညွှန့် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဓာတ်အားလိုင်းများနှင့် ပတ်သက်သည့် မေးမြန်း တင်ပြ ချက် များ အပေါ် ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီး ဒေါ်နီလာကျော်က “ဓာတ်ကြိုး၊ ဓာတ်တိုင်တွေရဲ့ ဆက်သွယ်မှုပုံသဏ္ဍာန်တွေက အန္တရာယ်ရှိတဲ့ အခြေ အနေ တွေ ဖြစ်နေတယ်။ ဓာတ်အားဖြန့်ဖြူးတဲ့ ဓာတ်အားပေးစနစ်အတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းစေဖို့နဲ့ ဓာတ်အား ပြတ် တောက်မှု လျှော့နည်းစေဖို့အတွက် လက်ရှိဓာတ်အားလိုင်းတွေကို လျှပ်စစ်ဓာတ် မစီးတဲ့ ကေဘယ်လ် ကြိုး တွေနဲ့ အစားထိုး၊အသစ်တည်ဆောက်ခြင်းကို ဘတ်ဂျက်လျာထားချက်ပေါ် မူတည်ဆောင်ရွက်လျှက် ရှိပါတယ်” ဟု ဆိုသည်။
ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဝေရေး ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (YESC) မှ အဓိကတာဝန်ယူထားပြီး ၂၀၁၅ ခုနှစ် စာရင်းများအရ ယခင်အစိုးရလက်ထက်တွင် ကော်ပိုရေးရှင်း မှ တဆင့် ပြည်သူလူထုသို့ ဖြန့်ဝေရာတွင် ကုမ္ပဏီ ၂၀ ခုကို မြို့နယ်ပေါင်း ၃၅ မြို့နယ်တွင် ခွင့်ပြုထားသည်။
လက်ရှိအချိန်၌ ရန်ကုန်တိုင်းအတွင်း ကုမ္ပဏီ ၁၀ ခုက မြို့နယ် ၁၅ မြို့နယ်တွင် လုပ်ငန်းဆောင်ရွက်နေပြီး၊ ဓာတ်ကြိုးဓာတ်တိုင်များ ပြုပြင်ရာတွင် YESC နှင့် ကုမ္ပဏီများက ခွဲဝေတာဝန်ယူထားကြောင်း ၎င်းက ဆက်ပြောသည်။
“ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပရေးရှင်းက လုပ်ငန်းလုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီများအား တာဝန်ပေးထားတဲ့ မြို့နယ်တွေမှာ ၁၁၊ ၆ ဒသမ ၆ ကေဗွီ ဗို့အား ဓာတ်အားလိုင်းများနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများအား လုပ်ငန်း လုပ် ပိုင် ခွင့် ရ ကုမ္ပဏီများ၏ ကုန်ကျစရိတ်ဖြင့် ကျခံဆောင်ရွက်စေပြီး ၃၃ ကေဗွီ ဗို့အားလိုင်းများအား ရန်ကုန် လျှပ်စစ် ဓာတ် အား ကော်ပရေးရှင်း၏ ဘတ်ဂျက်မှ ကျခံဆောင်ရွက်ပေးပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။
ရန်ကုန်တိုင်းတွင် လ ျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုအတွက် လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၀ ခုမှာ City Life Power Electronic ကုမ္ပဏီ က ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့ပိုင်းမြို့နယ်တွင်လည်းကောင်း ၊ အာကာစိုး ပါဝါကုမ္ပဏီ က ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တွင်လည်းကောင်း ၊ House Serving International ကုမ္ပဏီက သာကေတမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။
အလားတူ Asia Night ကုမ္ပဏီက အလုံမြို့နယ်တွင် လည်းကောင်း၊ Elegant development ကုမ္ပဏီက ဗဟန်း မြို့နယ်တွင် လည်းကောင်း ၊ ဧရာရွှေဝါကုမ္ပဏီက စမ်းချောင်းမြို့နယ်တွင်လည်းကောင်း ၊ နီလာရွှေစင်တောင်ကြား ကုမ္ပဏီက ရန်ကင်း မြို့နယ်တွင် လည်းကောင်း ၊ Myanmar Global Lighting Star ကုမ္ပဏီက ဒဂုံတောင်မြို့နယ်တွင် လည်းကောင်း ၊ ရွှေပြည်ဒဂုံကုမ္ပဏီက မရမ်းကုန်း မြို့နယ်တွင်လည်းကောင်း ၊ ဓမ္မရာဇာကုမ္ပဏီက လှိုင်သာယာမြို့နယ်၊ လှိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တွင်လည်းကောင်း လ ျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရှိရသည်။
လျှပ်စစ်ဓာတ်ကြိုးအန္တရာယ်ကြောင့် မေလ ၂၄ ရက် နေ့လည်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆာကူရာတာဝါနှင့် မျက်နှာချင်းဆိုင်၊ မီးရထားအထူတန်း လက်မှတ်အရောင်းဌာန ဝင်ပေါက်ရှေ့ ဓာတ်တိုင် အောက် တွင် လူငယ်တဦးဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး မေ ၃၁ ရက် ည ၈ နာရီခန့်က ရန်ကုန်၊ လှိုင်မြို့နယ် (၇) ရပ်ကွက်၊ သံလမ်း လမ်းမဘေးရှိ ဓာတ်တိုင်အား ကိုင်မိသဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။