ယခင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် သတ္တုတွင်း ဝန်ကြီးနဲ့ ကျောက်မျက်အသင်းမှ ထိပ်ပိုင်း ခေါင်းဆောင် တချို့ ပါဝင်သော ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း များစွာ ဘယ်လိုသုံး စွဲခဲ့သလဲ ဆိုတဲ့ အရှုပ်တော်ပုံ ကိစ္စဟာ ယခင်အစိုးရဟောင်းနဲ့ ကျောက် မျက် အသင်း ရဲ့ ခေါင်းဆောင် တွေတချို့အကြား အပြန်အလှန် သတင်းစာရှင်းလင်းပွဲတွေ ကျင်းပ သတင်း ထုတ်ပြန် ကြခြင်း ဖြင့် ပိုမို ရှုပ်ထွေး လာနေပါတယ်။
ကျောက်မျက်အသင်းမှ လုပ်ငန်းရှင် ၈၃ ယောက်ကလက်မှတ်ထိုးပြီး ဦးဆောင်သူ ၁၀ ဦးကနေ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ စုံစမ်းလေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးရွှေမန်း ဆီကို အဓိက ဦးတည်တိုင်ကြားပြီး သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွွှတ်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတွေဆီကို မိတ္တူပို့ ခဲ့ပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ တိုင်ကြားစာမှာ အသင်း စတင် တည်ထောင် သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောက်မျက်လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၇ သန်း ရှိကြောင်း၊ အဲဒီရန်ပုံငွေတွေကို သုံးစွဲမှုနဲ့ပတ်သက်တဲ့ တိုင်ကြားချက် ၁၂ ချက်နဲ့ တိုင်ကြားခဲ့ပြီး ဒီတိုင်ကြားမှု တွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းလို ပုဂ္ဂိုလ်တွေပါ ဆက်နွယ်နေတဲ့ ဖြစ်စဉ် တွေပါဝင်နေပါတယ်။
ရန်ပုံငွေ သုံးစွဲမှု တိုင်ကြားချက် ၁၂ ချက်မှာ လက်ရှိ ကျောက်မျက်အသင်းဥက္ကဋ္ဌ ဦးရုံးမူနဲ့ အခြားတယောက်က ဘဏ် တခုမှာ ကျောက်မျက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆သန်းအပ်နှံထားခြင်း၊ ဖားကန့် မြို့ရှောင် လမ်းဖောက် လုပ်ဖို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းထုတ်ယူခြင်း၊ ကျောက်စိမ်းထုတ်လုပ်တဲ့ နယ်မြေမှာ လူထုအကျိုးပြု့ CSR လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မြေကော်စက် ဘတ်ဖိုးများဒေါ်လာ ၆ သိန်း ၆ သောင်းဖိုး ဝယ်ယူခြင်း တို့ပါဝင် ပါတယ်။
ဒါ့အပြင် တိုင်ကြားချက်တွေထဲမှာပဲ နေပြည်တော် ရွှေကြာပင် ကျောက်မျက် ရတနာဈေးဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၂ သန်း ထုတ်ပေးခြင်း၊ အနုပညာ ဦးစီးဌာန အတွက်ဆို၍ သမ္မတဟောင်းဦးသိန်းစိန်က ကန်ဒေါ်လာ ၇သန်း ထုတ်ယူသွားခြင်း၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းကို ကန် ဒေါ်လာ ၅သန်း ပေးခြင်း၊ ကျောက်မျက် အချောထည် လုပ်ငန်းမျာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် One Stop Services and Training Centre Building Construction အတွက် ဒေါ်လာ ၅သန်းသုံးစွဲခြင်း၊ သတ္တုတွင်း ဝန်ကြီးဌာန အတွင်းဝန်ရုံး ဆောက်ရာတွင် ဒေါ်လာ ၁သန်း သုံးစွဲခြင်းတွေလည်း ပါဝင်ပါတယ်။
တိုင်ကြားချက်တွေထဲမှာပဲ မဏိရတနာ ကျောက်မျက် ခန်းမ LED များ လဲလှယ်ခြင်းအတွက် ကျပ်သိန်း ၂ထောင် ကုန်ခြင်း၊ ဖားကန့်နှင့် မိုးကုတ်ဒေသတွင် CSR လုပ်ငန်းများ လုပ်ရန်အတွက် ကျပ်သိန်း ၅၀၀၀ ထုတ်ခြင်း၊ CCTV ကင်မရာ များ အသုံးပြုရန်ကုန်ကျစရိတ်၊ ကျောက်မျက်အသင်း ဗဟိုကော်မတီဝင်တဦးကို ကန်ဒေါ်လာ ၂သန်း ထုတ် ပေးခြင်း ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
ဒီအထဲမှာ လူထုစိတ်ဝင်စားမှု အမြင့်တက်ဆုံး အကြောင်းအရာကတော့ သမ္မတဟောင်း ဦးသိန်းစိန်ကို အနုပညာ ဦးစီးဌာန အတွက်ဟုဆိုကာ အမေရိကန်ဒေါ်လာ ၇ သန်းပေးအပ်ခြင်းနဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ကန် ဒေါ်လာ ၅ သန်းပေးအပ်ခြင်းကိစ္စတွေဖြစ်ပါတယ်။
ဇွန်လ ၂ ရက်နေ့မှာပဲ ကျောက်မျက်အသင်းက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲခဲ့တဲ့ အရှုပ်တော်ပုံမှာ သုံးစွဲတဲ့ ငွေကြေးတွေကို ဘယ်သူ့ ခွင့်ပြုချက်နဲ့ သုံးစွဲခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ ယခင် အစိုးရဟောင်းကလည်း နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သလို ကျောက်မျက်အသင်းကလည်း ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က သတင်းစာ ရှင်းလင်းပွဲမှာ ရတနာပြပွဲဗဟိုကော်မတီက အနုပညာဦးစီးဌာနအတွက် သမ္မတဟောင်း ဦးသိန်းစိန် ထံသို့ အမေရိကန် ဒေါ်လာ ၇ သန်း ထုတ်ပေးတယ်ဆိုတဲ့ ကိစ္စမှာ အမေရိကန်ဒေါ်လာ ၁သန်းသာ ထုတ်ယူခြင်း ဖြစ်တယ်လို့ ပြော ဆို ပါတယ်။ ထုတ်ယူတဲ့ အမေရိကန်ဒေါ်လာ ၁သန်းဟာလည်း သမ္မတဟောင်း ဦးသိန်းစိန်ကို ထုတ်ပေးတာ မဟုတ် ဘဲ ဆောက် လုပ်ရေး နဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှာ Myanmar Art Centre အမည်နဲ့ ဘဏ်စာရင်း ဖွင့် လွှဲပေး ထား ခြင်း သာ ဖြစ် တယ်လို့ ဆိုပါတယ်။
သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဌေးအောင် ကလည်း အမေရိကန်ဒေါ်လာ ဒေါ်လာ ၇သန်း သမ္မတ ဟောင်း ဦးသိန်းစိန်ကို ပေးအပ်တယ်ဆိုရာမှာ ကျောက်မျက်ရန်ပုံငွေထဲကပေးရတာ ဒေါ်လာ ၁သန်းသာ ပေး အပ်ပြီး ကျန် အမေရိကန် ဒေါ်လာ ၆ သန်း ကို စီးပွားရေးလုပ်ငန်းရှင်တွေက စုပြီး ပေးတယ်လို့ ဆိုပါတယ်။
သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းကို ကန်ဒေါ်လာ ၅ သန်းပေးရတဲ့ အချက်ကိုတော့ ဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင် က လွှဲပြောင်းပေးခြင်းမရှိဘူးလို့ ဆိုထားပါတယ်။ ကျန်ရှိတဲ့ အခြား တိုင်ကြားချက်တွေမှာ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတော် သမ္မတ လမ်းညွှန်ချက် တွေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုပါတယ်။
အစိုးရဟောင်းဘက်က တိုင်ကြားချက် ၁၂ ချက်နဲ့ ပတ်သက်ပြီး ရှင်းလင်း ခဲ့ပေမယ့် စာရင်းဇယားအတိအကျ ဘယ်လို သုံးစွဲခဲ့တယ်ဆိုတာမျိုး ထုတ်ပြန်တာမျိုးမရှိပါဘူး။ ဒါ့အပြင် ကျောက်မျက်ရန်ပုံငွေ ဘယ်လောက် ရှိသလဲ ဆိုတာကို တိကျစွာ ပြောဆိုခြင်းမရှိပါဘူး။
တိုင်ကြားသူတွေထဲမှာ ပါဝင်တဲ့ ကျောက်မျက်အသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်ဦးက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီမှာ သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပခဲ့ပါတယ်။ ဦးကျော်ကျော်ဦးကတော့ ကျောက်မျက် ရန်ပုံငွေ ယူရို ၉၃ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ စာရင်းအတိအကျ ဘယ်လို ရထား သလဲဆိုတာ လည်း ထုတ်ပြန်ခြင်းမရှိပါဘူး။
တိုင်ကြားမှုနဲ့ပတ်သက်လို့ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခုံရုံးဖွဲ့စစ်ဆေး နေပြီး မကြာခင် အဖွဲ့ရဲ့အစီရင်ခံစာ ထွက်လာမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
ခုံရုံးဖွဲ့စစ်ဆေးမှုကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့ခဲ့တာဖြစ်ပြီး သတ္တုတွင်း ဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးဌေးအောင်က ဥက္ကဋ္ဌလုပ်ပြီး စစ်ဆေးတယ်လို့သိရပါတယ်။ ဒီစစ်ဆေးမှုမှာ ကျောက် မျက် အသင်းဥက္ကဌ၊ ဒုဥက္ကဌနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အစစ်ခံရသလို တိုင်ကြားသူ တွေကိုလည်း စစ်ဆေး ပါတယ်။
ဒါ့အပြင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက ဦးဆောင် ညွှန်ကြားရေးမှုး လည်း အစစ်ခံရတဲ့ထဲမှာ ပါပါတယ်။ စစ်ဆေးမှုဟာ ဇွန်လ ၂ ရက်နေ့ အဆုံးသတ်ဖြစ်တယ်လို့ သိရပြီး ခုံရုံးစစ်ဆေး ရေးအဖွဲ့က အစီရင်ခံစာ ထုတ်မှာ ဖြစ်သလို အစီရင်ခံစာထွက်မှပဲ ကျောက်မျက်ရန်ပုံငွေ သန်းပေါင်း များစွာ သုံးစွဲမှု နဲ့ ပတ်သက်တဲ့ စာရင်းတွေ သိရမယ်လို့ ဆိုပါတယ်။
ကျောက်မျက်အသင်းမှ တိုင်ကြားသူတွေက ဒီဖြစ်စဉ်အပေါ်မှာ အခုလို ဝန်ကြီးဌာနတခုနဲ့ ခုံရုံးဖွဲ့ စစ်ဆေးမှုကို သဘောမကျတဲ့ အကြောင်းနဲ့ နယ်ပယ်စုံက သူတွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့နဲ့ စစ်ဆေးမှုမျိုးကို လိုအပ်တယ်လို့ ဆိုပါတယ်။
သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ စုံစမ်းလေ့လာ သုံးသပ်ရေး ကော်မရှင်ဘက်က လည်း တိုင်ကြားမှုထဲမှာ ပါဝင်ပတ်သက်သူတွေဟာ ရှုပ်ထွေးနေတာမို့ ဝန်ကြီးဌာန ထက် မြင့်တဲ့ အဖွဲ့အစည်းမျိုးနဲ့ စစ်ဆေးဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။
ဦးကျော်ကျော်ဦးက “ဒီခုံရုံးကိုလည်း ကျနော်တို့ အယုံအကြည်မရှိဘူး။ ကျျနော်တို့ လိုချင်တဲ့အဖွဲ့ဆိုတာက အမျိုးသား လွှတ်တော်က ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်တွေ ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် တွေ ပါမယ်၊ ပြီးရင် ပြည်ထောင်စု စာရင်းစစ်ရုံးက စာရင်းစစ်ပညာ ရှင်တွေပါရမယ်။ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ကိုယ်စားလှယ်ပါရမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က ကျွမ်းကျင် အင်ဂျင်နီယာပါရမယ်။ ကျောက်မျက်လုပ်ငန်းရှင်များအသင်းဘက်က ကိုယ်စားလှယ်တွေ ပါရမယ်။ အဲ့လိုစုထား တဲ့ အဖွဲ့ စစ်တဲ့ဟာကို ကျနော်တို့လက်ခံပေးမယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုအချိန်မှာတော့ ကျောက်မျက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲခဲ့တဲ့ ကိစ္စဟာ ယခင် သတ္တုတွင်း ဝန်ကြီးဌာန၊ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ ကျောက်မျက်အသင်း ဥက္ကဌနဲ့ တိုင်ကြား ထားတဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေအကြား ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။
ကျောက်မျက်ရတနာပြပွဲ ရန်ပုံငွေအဖြစ် ၁ရာခိုင်နှုန်း ကောက်ခံခဲ့တာဟာ မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင် များ အသင်း ဖွဲ့စည်းပြီးချိန်က ကျောက်မျက်ပြပွဲတွေလုပ်ဖို့ ဝန်ကြီးဌာနမှာ သီးခြား ရန်ပုံငွေ မရှိတာကြောင့် ကောက်ခံ ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီရန်ပုံငွေ အပေါ်မှာလည်း ကျောက်မျက်ပြပွဲဗဟိုကော်မတီနဲ့ ထည့်ဝင်တဲ့ လုပ်ငန်းရှင်တွေကြား သူပိုင် ငါပိုင် အငြင်းပွားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
ကျောက်မျက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲမှုကိစ္စဟာ ၂၀၁၄ ခုနှစ်မှ ကျောက်မျက် အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်စယူတဲ့ ဦးရုံးမူ လက်ထက်မှာဖြစ်ပေါ်လာတာပါ။ လတ်တလော အဓိက ကျတဲ့ ကျောက်မျက် အသင်း ဥက္ကဋ္ဌ ဦးရုံးမူ လောလောဆယ် နိုင်ငံခြားရောက်နေတယ်လို့ သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင် က ဆိုပါတယ်။
အစိုးရဟောင်းဘက်ကတော့ ကျောက်မျက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲမှု ကိစ္စဟာ နိုင်ငံရေး အရ အရင်အစိုးရဟောင်းကို တိုက်ခိုက်တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောဆို ခဲ့ပါတယ်။
ရှုပ်ထွေးနေတဲ့ ဒီကိစ္စက စစ်အစိုးရလက်ထက်၊ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပွင့်လင်း မြင်သာ မှု မရှိမှု နဲ့ သယံဇာတ တူးဖော်မှုအတွက် နီးစပ်ရာ အစိုးရခေါင်းဆောင်တွေကို လာဘ်ပေး လာဘ်ယူ လုပ်ခဲ့ကြတဲ့ အကျင့် ပျက်ခြစားမှုတွေရဲ့ နောက်ဆက်တွဲ ဂယက်ကြီးတခုအဖြစ် ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။