နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) တွင် အားလုံး ပါဝင်နိုင်ရေးမူကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ရှင်းပြရန် ထိုင်းနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်း စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။
ယမန်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့သို့ ရောက်ရှိပြီးနောက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးပါတီ (RCSS/SSA) အဖွဲ့နှင့် သီးခြား တွေ့ဆုံပွဲပြီးနောက် ဒေါက်တာတင်မျိုးဝင်းက သတင်းထောက်များအား “အဓိကကတော့ ငြိမ်းချမ်းရေးဆိုတာ မရှိမဖြစ် လိုအပ်တဲ့ဟာပေါ့။
ကျနော်တို့ နိုင်ငံတော်တခုရဲ့ တိုးတက်မှု၊ တိုင်းပြည်ရဲ့ တိုးတက်မှု၊ ပြည်သူပြည်သားရဲ့ အေးချမ်းမှုနဲ့ စားဝတ်နေရေးကအစ၊ လုံခြုံရေးကအစပေါ့။ အခု လာတဲ့အဖွဲ့မှာ အရင်က ဆောင်ရွက်ခဲ့သူတွေရော အသစ်တွေရော ပါတာပေါ့လေ။ တဖက်ကလည်း EAO လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အဓိကကတော့ ယုံကြည်မှု တည်ဆောက်တာပါပဲ။ ငြိမ်းချမ်းရေးဆိုတာ ယုံကြည်မှု တည်ဆောက်နိုင်ရန် တဖက်နဲ့ တဖက်ကို ညှိနှိုင်းနိုင်ရင် ရမယ်လို့ ယုံကြည်ပါတယ်။ ဘာပဲပြောပြော ကျနော်တို့ကတော့ အကောင်းဆုံးကို မျှော်လင့်ပြီးတော့ လာခဲ့ကြတာပဲ” ဟု ပြောသည်။
၎င်းက NCA လက်မှတ်ရေးထိုးထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ RCSS ကိုလည်း ကော်မတီ၏ ရပ်တည်ချက်ကို ရှင်းပြခဲ့သည်ဟု ဆိုသည်။
“သူတို့ (RCSS) က ဆပ်ကော်မတီ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ကော်မတီမှာ ပါပါတယ်။ မူဘောင်ကို ပြန်ပြီး သုံးသပ်တာ လုပ်ကြမယ်ပေါ့။ ကျနော်ဦးဆောင်တဲ့ ဆပ်ကော်မတီ (၂) ကတော့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေကို ကျနော်တို့ ရပ်တည်ချက်ကို လာရောက် ရှင်းပြတဲ့သဘောပါ” ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
ဇွန် ၃ ရက်တွင် တောင်ပိုင်းက NCA လက်မှတ် မထိုးရသေးသော အဖွဲ့များဖြစ်သည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP), မွန်ပြည်သစ်ပါတီ (NMSP) စသည့် အဖွဲ့များအပြင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) ခေါင်းဆောင်များနှင့် တွေ့ဆုံသွားရန် ရှိပြီး မြောက်ပိုင်းရှိ ‘ဝ’ နှင့် မိုင်းလားအဖွဲ့များနှင့်လည်း နောက်တပတ်တွင် သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။