ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု၊ စမ်းပေါက်ချောင်းကျေးရွာရှိ လယ်မြေများတွင် နေထိုင်သည့် ဒေသခံ ၅၀ ခန့်ကို ဇွန် ၄ ရက်နေ့ တွင် အပြီးသတ် ဖယ်ရှားပေးရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲှမှုအဖွဲ့ က ပြောဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါနေရာတွင် နေထိုင်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း၊ ဇွန် ၄ ရက်တွင် အပြီးသတ်ဖယ်ရှားရန် မေလအတွင်းက ပန်းတောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အတွင်းရေးမှူး ဦးရဲဝင်း လက်မှတ်ပါ စာရွက်ဖြင့် အမြန်ဆုံးဖယ်ရှားရန် အမိန့်ထုတ်ခဲ့ကြောင်း၊ သတ်မှတ်ရက်အတွင်း မဖယ်ရှားသူများကို လယ်ယာမြေဥပဒေ ပုဒ်မ ၂၀ အရ တရားစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“မြစ်ထဲကို အိမ်ကပါသွားပြီ။ နေစရာမြေမရှိလို့ ကိုယ်ထူကိုယ်ထ စုပေါင်းပြီး စိုက်ပျိုးလို့မရတော့တဲ့ လယ်မြေလေး ဝယ်နေတာကို မြို့နယ်မြေစာရင်းရုံးက လာပြီး တားဆီးကြပါတယ်။ ကမ်းပါးပြိုကျတော့ သက်ဆိုင်ရာဌာနတွေကို အကူအညီတောင်းခဲ့တယ်။ ဘယ်ဌာနကမှ မကူညီဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ် ပြောင်းရွေ့လာရတာ။ ပြောင်းရွေ့လာပြီးမှ စုပေါင်း ဝယ်ယူထားတဲ့ လယ် ၁၀ ဧကပေါ်မှာ အကွက်တွေရိုက်၊ အိမ်တွေဆောက်ပြီးမှ လာတားဆီးကြတယ်။ ကျောချဖို့ တနေရာရလို့ စိတ်ချမ်းသာရုံပဲရှိသေးတယ် ခုပြန်ဖျက်ခိုင်းနေပြီ။”ဟု စမ်းပေါက်ချောင်းရွာမှ မြစ်ကမ်းပါးပြို၍ ပြောင်းရွေ့လာသူ ဒေါ်အေးမြင့်က ပြောသည်။
ပြောင်းရွှေ့နေထိုင်ကြသူများသည် စိုက်ပျိုး၍ မရတော့သည့် လယ်မြေ ၁၀ ဧကအား သိန်းတရာကျော်ဖြင့် မေလ ၁၀ ရက်နေ့က အိမ်ထောင်စု ၂၀ ကျော်မှ စုပေါင်းဝယ်ယူကာ ပြောင်းရွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၁၃ ရက်နေ့တွင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုးချဲ့ကွက်သစ်အဖြစ် အသိအမှတ်ပြုပေးရန် လက်မှတ်ရေးထိုး တင်ပြခဲ့သော်လည်း ဆောက်လက်စ နေအိမ်များကို ဖျက်သိမ်းပေးရန် တရားဝင်အမိန့်စာများဖြင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန် ၄ ရက်မတိုင်မီ ပြောင်းရွှေ့ပေးရမည့် အိမ်ခြေ ၂၀ ခန့်တွင် လူဦးရေ ၅၀ နီးပါးရှိပြီး သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ ကျောင်းသားကျောင်းသူ နှင့် ကလေးသူငယ်များပါဝင်ပြီး ငွေကြေးချို့တဲ့သူများဖြစ်၍ ထပ်မံပြောင်းရွှေ့ပေးရန် မဖြစ်နိုင်ကြောင်းနှင့် မြစ်ကမ်းပါးမှာ ထပ်မံပြိုကျမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ရာ ပြောင်းရွေ့လာမည့်သူ ထပ်မံတိုးလာဖွယ် ရှိကြောင်း ပြောင်းရွှေ့လာသူများက ပြောသည်။
ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက “ကမ်းပါးပြိုတဲ့သူတွေ အမှန်တကယ် နေထိုင်တာဆိုရင် သက်ညှာစွာ စဉ်းစားပေးရမှာပေါ့။ စီးပွားရေးလုပ်ငန်း အတွက် လယ်မြေထဲမှာ အိမ်တွေ တည်ဆောက်လာရင်တော့ ဥပဒေအရ ထိရောက်စွာအရေးယူမှာပါ။ လက်ရှိကမ်းပါးပြိုလို့ ပြောင်းလာတဲ့သူတွေနဲ့ လယ်မြေပိုင်ရှင်နဲ့ အဆင်ပြေဖို့လည်း လိုတယ်။ အားလုံး အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့က ကမ်းပါးပြိုလို့ နေစရာမရှိတဲ့သူတွေအတွက် သက်ညှာစွာ စဉ်းစားပေးရမှာပါ။ အိမ်တွေက ဆောက်ပြီးနေပြီဆိုတော့ ကမ်းပါး အမှန်တကယ်ပြိုလို့ ပြောင်းလာတဲ့သူတွေ လ/န ၃၉ လျှောက်ရမယ်။ အခြား မြေသုံးစွဲခွင့်လျှောက်တင်ရမယ်။ အမှန်တကယ် ကမ်းပါးပြိုပြီး ပြောင်းလာတဲ့ ဒုက္ခရောက်တဲ့သူတွေဖြစ်မှ သက်ညှာစွာ စဉ်းစားပေးလို့ရပါမယ်”ဟုပြောသည်။