သတင်း

ငဝန်မြစ်ရေကာတာ မကျိုးပေါက်အောင် အထူးဂရုစိုက်သွားမည်ဟု ဧရာဝတီတိုင်းအစိုးရပြော

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရှည်လျားဆုံး ရေကာတာတခု ဖြစ်သည့် အရှည် ၇၃ မိုင်ကျော်ရှိသော ငဝန်မြစ် ရေကာတာကို မိုးရာသီအတွင်း ကျိုးပေါက်ခြင်း မရှိစေရန် အထူးဂရုစိုက် ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။

ရေကာတာ သက်တမ်း ၁၄၅ နှစ်ကျော်ရှိ ငဝန်မြစ် ရေကာတာကို မိုးရာသီ မတိုင်မီ အမြန်ဆုံး ပြုပြင် မွမ်းမံဆောင်ရွက်ရန်နှင့် မိုးရာသီတွင် တွေ့ကြုံလာနိုင်သည့် ရေဘေးအန္တရာယ်အား ထိရောက်စွာ ကူညီ ပေးနိုင်ရေး ပြင်ဆင်ထားရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို လေးမျက်နှာ မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် အစိုးရအဖွဲ့က အထူးဂရုစိုက်ဆောင်ရွက်မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ငဝန်မြစ်ရေကာတာကို အသေးစား ပြုပြင်ထိမ်းသိမ်းခြင်းသာ ဆောင်ရွက်နိုင်ပြီး အကြီးစားပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း၊ မိုးရာသီ ရေကြီးချိန်၌ ရေကာတာကို အထူးအလေးထား ဆောင်ရွက်မှသာ ဒေသလုံခြုံရေးအတွက် စိတ်ချရမည်ဖြစ်ကြောင်း အဆိုတင်သွင်းခဲ့သူ လေးမျက်နှာ မြို့နယ် အမှတ် – ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ရှင်းပြသည်။

ဦးစိုးခိုင် က“မိုးရာသီရောက်လာလို့ ရေဘေးအန္တရာယ် ကြုံလာတဲ့အခါကျရင် အစိုးရအနေနဲ့ ဝန်ထမ်းအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အားနဲ့ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးမှသာလျှင် ပြည်သူတွေရဲ့ စိုးရိမ်သောက ပြေပျောက်နိုင်ပါလိမ့်မယ်။ ပြီးသွားတဲ့မိုးတွင်းလို ရေကြီးခဲ့မယ်ဆိုရင် ရေကာတာတွေဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်လို့ အင်မတန်စိုးရိမ်ရတဲ့ အနေအထားဖြစ်လို့ ဒီအပေါ်မှာ အာရုံစိုက် အလေးထား ဆောင်ရွက်စေလိုတဲ့အတွက် အဆိုတင်ရခြင်း ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ဧရာဝတီတိုင်း လွှတ်တော်တွင် ပထမဆုံးတင်သွင်းသည့် ယင်းအဆိုနှင့်ပတ်သက်၍ ဧရာဝတီတိုင်း အစိုးရ ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဌာန ဝန်ကြီး ဦးဘဟိန်းက
ငဝန်မြစ်ရေကာတာအား ယခင်နှစ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နောက်ပိုင်းမှ စတင်ကာ ယခုနှစ် မိုးရာသီ မတိုင်မီအထိ ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်နေပြီး ရေကာတာ ကျိုးပေါက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရေကာတာကို မိုးရာသီ မတိုင်မီမှာ တာထိပ်မျက်နှာပြင် နိမ့်ကျတဲ့နေရာတွေကို ပြန်လည်မြှင့်တင်ခြင်း၊ တာလျော၊ တာနိမ့်တွေ ပြုပြင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် ငဝန်မြစ်ရေ မြင့်တက်လာချိန်မှာ ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းပြီး အရေးကြီးသော တာတမံအစိတ်အပိုင်းများအား နေ့ညမပြတ် ရေကင်းလှည့်ခြင်းနဲ့ တာတမံများအား အထူးဂရုပြု စစ်ဆေးခြင်းများဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။

pathein riverဆက်လက်၍ ငဝန်မြစ် ရေကာတာအား ပိုမိုတောင့်တင်းခိုင်မာစေရန် တာတမံတလျှောက် ၅ ပေ မြှင့်တင်နိုင်ရေး အတွက် အကြိုတိုင်းတာမှုလုပ်ငန်းများ၊ ဒီဇိုင်းများနှင့် ကုန်ကျစရိတ်များကို တွက်ချက်ထားပြီး ရံပုံငွေ ရရှိသည့်အချိန်တွင် လုပ်ဆောင်သွားမည်ဟု သိရသည်။

ငဝန်မြစ် ရေကာတာကို ၁၈၇၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၈၇၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေကာတာ အရှည်မှာ ဟင်္သာတ မြို့နယ်တွင် ၁၇ မိုင်၊ လေးမျက်နှာမြို့နယ်တွင် ၁၉ မိုင်၊ ရေကြည်မြို့နယ်တွင် ၂၂ မိုင်နှင့် သာပေါင်း မြို့နယ်တွင် ၁၅ မိုင် ရှိသဖြင့် စုစုပေါင်း ၇၃ မိုင်ကျော်ရှည်လျားသည်။
အဆိုပါရေကာတာသည် ဒေသတွင်းရှိ လယ်ဧက ၃ သိန်းကျော်ကို မြစ်ရေလွှမ်းမိုးမှု မရှိစေရန် ကာကွယ်ထားသည့်တာတခုဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ငဝန်မြစ်ရေပြင် မြင့်တက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့စဉ်က ရေကာတာ အောက်ဘက်တွင်နေထိုင်ကြသည့် ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့မှ ဒေသခံပြည်သူများမှာ ရေကာတာ ကျိုးပေါက်မည်ကို စိုးရိမ်ခဲ့ကြပြီး ဌာနဆိုင်ရာများနှင့်အတူ ရေကာတာအား ၂၄ နာရီစောင့်ကြပ်၍ ခိုင်ခန့်မှုရှိစေရန် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြရသည်။

လေးမျက်နှာကိုယ်စားလှယ် ဦးစိုးခိုင်၏အဆိုကို ဟင်္သာတနှင့် ရေကြည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုအတိုင်းဆောင်ရွက်ရန် ဧရာဝတီတိုင်း အစိုးရကို တိုက်တွန်းကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ငဝန်မြစ်ရေကာတာမှာ ၁၉၉၁ ခုနှစ်တွင် လေးမျက်နှာမြို့နယ်၊ ထိန်ငူရွာအနီး ကျိုးပေါက်ခဲ့ရာ အိမ်ခြေ ၄၄၀၀၀ ကျော်နှင့် လယ်ဧက ၂ သိန်း ၂ သောင်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရွာအနီး တာကျိုးမှုတွင် ကျေးရွာ ၁၈၃ ရွာမှ အိမ်ခြေ ၈၈၀၀ ခန့်နှင့် လယ်ဧက ၂ သောင်းကျော် ထိခိုက်ပျက်စီးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဟင်္သာတမြို့နယ် ပြာသာရွာအနီးရှိ တာကျိုးပေါက်ခဲ့ရာ ကျေးရွာအုပ်စု ၄၀ ကျော်နှင့် လယ်ဧက ၂ သောင်း ၅ ထောင်ကျော် ရေနစ်မြုပ် ပျက်စီးမှုများ ဖြစ်ပွားခဲ့ဖူးသည်ဟု သိရသည်။

Loading