ဂျပန်က ထိုင်းနိုင်ငံအား ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းများ ပေးအပ်ရန်နှင့် နည်းပညာပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်နေတယ်လို့ Nikkei Asian Review မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံကလည်း ဂျပန်နိုင်ငံလုပ် P-1 အမျိုးအစား ပင်လယ်ပြင် ကင်းလှည့်လေယာဉ်နဲ့ US-2 အမျိုးအစား ကုန်းရေ နှစ်ထွေသွား ကယ်ဆယ်ရေးလေယာဉ်တွေကို စိတ်ဝင်စားနေပြီး၊ ဒါဟာ လက်ရှိ ထိုင်းစစ် အစိုးရနဲ့ တရုတ်တို့ရဲ့ နီးစပ်လာနေတာနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ ချဉ်းကပ်မှု တခုလို့ ဆိုရမှာပါ။
ဂျပန်ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် နာကာတာနီနဲ့ ထိုင်း ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝုန်းဆူဝမ်တို့ လာမည့် အင်္ဂါနေ့ ဘန်ကောက်မြို့မှာ တွေ့ဆုံရာမှာ ကာကွယ်ရေးဆိုင်ရာ လက်နက် ပစ္စည်းလွှဲပြောင်းရေး သဘောတူညီချက် ရရှိဖို့ ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။
P -1 ကင်းလှည့်လေယာဉ်ကို Kawasaki ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ရေငုပ်သင်္ဘောနဲ့ တခြားသောရေယာဉ်များ ရှာဖွေရေးမှာ အသုံးပြုကာ၊ ShinMaywa အကြီးစား စက်မှုလုပ်ငန်းက ထုတ်လုပ်တဲ့ US-2 ကုန်းရေ နှစ်ထွေသွားလာနိုင်တဲ့ လေယာဉ်ကတော့ ပင်လယ်ပြင်မှာလည်း ဆင်းသက်နိုင်သလို၊ ခရီးရှည်လည်း ပျံသန်းနိုင်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ စစ်လက်နက်ပစ္စည်း ပြပွဲမှာ ကာကွယ်ရေး ဝန်ကြီး ပရာဝစ်နဲ့ ဂျပန်ကုမ္ပဏီ Kawasaki ၊ NEC တို့နဲ့ တွေဆုံခဲ့ပါသေးတယ်။
ဂျပန်နိုင်ငံ အနေနဲ့ ၂၀၁၄ ခုနှစ် မေလ ထိုင်းစစ်တပ် အာဏာသိမ်းပြီးကတည်းက အမေရိကန်နဲ့ ဥရောပနိုင်ငံများ လက် နက်ရောင်းချမှု ရပ်ဆိုင်းခဲ့ပြီးနောက် တရုတ်နိုင်ငံက အစားထိုး ဝင်ရောက် လာခြင်းကို စိုးရိမ်လျှက်ရှိပြီး၊ တရုတ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများ အကြားမှာ သပ်လျိူ ဝင်ရောက်မှုတွေလုပ်နေတယ်လို့ ဂျပန်စစ်ဘက်ဆိုင်ရာ အာဏာပိုင်တချို့ကဆိုပါတယ်။
ဂျပန်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံကို လည်း ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ထောက်ပံလျှက်ရှိသလို မလေးရှား၊ အင်ဒိုနီးရှား တို့နဲ့လည်း ညှိနှိုင်းလျှက်ရှိပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်ခန့်ကတည်းက တရုတ်နဲ့ တဖြည်းဖြည်း နီးစပ်လာနေတဲ့ ထိုင်းအစိုးရဟာ လက်ရှိ အချိန် မှာ ထိုင်းဘုရင့်တပ်မတော်အတွက် တရုတ်စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ် တဲ့ Norinco ထံမှ အမေရိကန်ဒေါ်လာ ၄.၉ သန်း တန်ဖိုးရှိ VT-4 ပင်မတိုက်ပွဲဝင် တင့်ကား ၂၈ စီးကို ဝယ်ယူခဲ့ပြီး၊ နောက်ထပ်လည်း တပ်ရင်း ၃ရင်းစာ ဝယ်ယူဖို့ စီမံကိန်းရေးဆွဲထားတယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
၁၉၈၇ ခုနှစ် ထိုင်းတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဒ် လက်ထက်က ဈေးပေါတဲ့ တရုတ်လုပ် T- 69 တင့်ကားတွေ ဝယ်ယူခဲ့ရာ အပိုပစ္စည်းမရှိတဲ့အတွက် အသုံးမှု ရပ်ဆိုင်း လိုက်ရဖူးပါတယ်။
VT-4 အမျိုးအစားတင့်ကားကို ထိုင်းနိုင်ငံက ပထမဆုံးဝယ်ယူတဲ့ နိုင်ငံဖြစ်ပြီး၊ အစိုးရ အချင်းချင်း သဘောတူညီချက်အရ ပြုပြင်ထိန်းသိမ်းရေးကိုလည်း ထိုင်းနိုင်ငံမှာ အလုပ်ရုံဖွင့်လှစ်လုပ် ကိုင်ပေး မှာဖြစ်ပြီး အပိုပစ္စည်းကိုလည်း ထောက်ပံပေးမယ်လို့ သိရပါတယ်။
တင့်ကား ၂၈ စီးကိုတော့ လာမည့် ၂၀၁၈ ခုနှစ်အတွင်းမှာ အပြီးပေးအပ်သွားမယ်လို့ သိရပါတယ်။
အလားတူ ထိုင်းဘုရင့်ရေတပ်မတော်ကလည်း ထိုင်းဘတ် ၃၆ ဘီလျံ တန်ဖိုးရှိ တရုတ်လုပ် Yuan အမျိုးအစား ရေငုပ်သင်္ဘော ၃စီး ဝယ်ယူဖို့ စီစဉ်ခဲ့ပေမယ့်၊ လူထုက သဘောမတူတဲ့အတွက် ရပ်ဆိုင်း ခဲ့ရပါတယ်။