အစိုးရသစ်လက်ထက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်နိုင်ရန် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ပြောဆိုကြောင်းသိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့ဆွေးနွေးအပြီးတွင် အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းက သတင်းထောက်များကို ပြောဆိုသွားခြင်း ဖြစ်သည်။
ဒေါက်တာ တင်မျိုးဝင်း က “ဝမ်းသာစရာအချက်ကတော့ သူတို့က အားလုံးက ဒီညီလာခံကို တက်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက် မယ်ဆိုတဲ့ အဖြေတခု ရလိုက်ပါတယ်” ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။
“ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” သည် အစိုးရက အပစ် မရပ်ရသေးသော အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး DPN အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွ့ဲအစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က အစိုးရနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးရန်အတွက် ဖွဲ့စည်းပေးထားသော အဖွဲ့ဖြစ်သည်။
ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း အပစ်အခတ် ရပ်စဲရေး မပြုလုပ်ရသေးသည့် လက်နက်ကိုင် အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သေးသည်။ သို့သော်လည်း အပစ်မရပ်ရသေးသည့် အဖွဲ့များ အနေဖြင့် လေ့လာသူအဖြစ်သာတက်ရောက်ခွင့်ပေးခဲ့ပြီး ဝင်ရောက်ဆွေးနွေး ဆုံးဖြတ်ခွင့်များ မပေးခဲ့သဖြင့် အပစ်မရပ်ရ သေးသော အဖွဲ့များက တက်ရောက်ခဲ့ခြင်း မရှိပေ။
အပစ်မရပ်သေးသော လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်နိုင်ရေးအတွက် မည်ကဲ့သို့ အခြေအနေမျိုးတွင် တက်ရောက်နိုင်မည် ဆိုသည်ကို အစိုးရ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ချင်းမိုင် ဆွေးနွေးပွဲတွင် ညှိနှိုင်းခဲ့ပြီး ယင်းမတိုင်မီတွင် ယခင်အစိုးရ လက်ထက်တွင် အစပြုခဲ့သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်များကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ရာ ထိုသို့ သုံးသပ်ရာတွင် အပစ်မရပ်သေးသော အဖွဲ့များ တက်ရောက် ညှိနှိုင်းဆွေးနွေးရန် ဖိတ်ခေါ်ကြောင်းသိရသည်။
“အားလုံးတက်နိုင်အောင် ကြိုးစားမယ်။ ကြိုးစားတဲ့အခါ ဘယ်လိုနည်းနဲ့ သုံးမလဲ။ ခုနက ကျနော်ပြောတဲ့ NCA မထိုးသေးဘဲနဲ့လည်း ရီဗျူးမီတင်တက်ဖို့ ဖိတ်ခေါ်မယ်။ လာတက်ကြ။ ရီဗျူးမှာ ခုနက မူဘောင်တွေကို ပြုလွယ် ပြင်လွယ် ပြောင်းလွယ် ရှိတဲ့အခါကျတော့ ပြန်ပြီးတော့ သဘောတူတယ်ဆိုရင် ဒီကနေတဆင့် ဒုတိယအဆင့် NCA ကို သွားမှာပေါ့” ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
၎င်းက ဆက်လက်၍ “ဒါတွေ အကုန်လုံးသည် စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းပြီးမှ ဖြစ်ပေါ်လာမယ့် အဖြေတွေ။ မူဘောင် ရီဗျူးမှာ ပါဝင်လာမယ်။ ပြီးလို့ရှိရင် ညှိနှိုင်းမယ်။ နောက်ဆုံး အဆုံးအဖြတ်ကတော့ တကယ့်အရေးကြီးတဲ့ stakeholders ပေါ့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်။ ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရယ် အားလုံးက သဘောတူမှ အဖြေတခု ထွက်လာမယ်” ဟု ဆိုသည်။
ငြိမ်းချမ်းရေး ညီလာခံကို အစိုးရသစ်၏ ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး DPN အဖွဲ့ဘက်ကလည်း ယခုအစိုးရသစ် လက်ထက်တွင် ဆောင်ရွက်မည့် အခြေအနေများကို ယခင်အစိုးရ လက်ထက် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် မည်သို့ ကွာခြားမှု ရှိသည် ဆိုသည်ကို ဆွေးနွေးခဲ့ကြောင်း DPN အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ဂွန်မော် က သတင်းထောက်များကို ဆွေးနွေးပွဲ အပြီးတွင် ပြောသည်။
“ကျနော်တို့ EAO အပိုင်းကလည်း တွေ့ဆုံဆွေးနွေးရေးအရ အဖြေရှာသင့်တယ်ဆိုတဲ့ မူရှိတယ်။ အဲဒီတော့ အခု အစိုးရကလည်း တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အပိုင်းကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒုတိယအပိုင်းကတော့ ဘယ်လို ပါဝင်မလဲဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီမနက် ကြိုတင်ပြင်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်များ ပြောတာကတော့ ညှိနှိုင်းပါဆိုတော့ ကျနော်တို့ဘက်ကလည်း ဘယ်လိုညှိနှိုင်းမလဲဆိုတဲ့အပိုင်းကို မကြာခင်မှာ ကျနော်တို့ နှစ်ဘက် အဆက်အသွယ် လုပ်ပြီးတော့ အစီအစဉ်တွေ ချမှတ်သွားဖို့ ဖြစ်ပါတယ်။ အဲဒီအခါကျမှ သေသေချာချာ သိရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
သိလိုသည့် အချက်များကို DPN ဘက်က မေးမြန်းခဲ့ပြီး ထိုမေးမြန်းချက်များကို အစိုးရ ကိုယ်စားလှယ်ဘက်မှ အတိအကျ ဖြေကြားနိုင်ခဲ့ခြင်း မရှိသေးဘဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြရဦးမည့် အနေအထားမှာပင် ရှိနေသေးကြောင်း ဗိုလ်ချုပ် ဂွန်မော် ကပြောသည်။
“မေးခွန်းတွေကတော့ အများကြီးပေါ့။ ဥပမာ NCA ထိုးပြီးမှဘဲ ဒီညီလာခံကို တက်ရောက်ခွင့် ရှိမှာလား။ နောက်တခုကတော့ ဒီညီလာခံနဲ့ အရင် NCA နဲ့ဘယ်လိုချိတ်ဆက်မလဲ။ အခုက ငြိမ်းချမ်းရေး ညီလာခံလို့လည်း ပြောတယ်။ ပြီးတော့ ၂၁ ရာစု ပင်လုံလို့လည်း ပြောတယ်ဆိုတော့ ဒီအပေါ်မှာ သူ့ရဲ့ သဘောထားက ဘာတွေလဲ။ တချို့အဖွဲ့တွေကို NCA ထိုးပြီးမှ တက်ရမယ် ပြောခဲ့သလို တချို့အဖွဲ့တွေကို ထိုးစရာမလိုဘူးလို့ ပြောခဲ့တဲ့ အပိုင်းကဘာလဲ။ နောက် အရင်အစိုးရ လက်ထက်က ညှိနှိုင်းဖို့ခက်ခဲ့နေတဲ့ ကိုးကန့်၊ တအာင်းနဲ့ AA ကိစ္စတွေကို ဘယ်လိုသဘောထားသလဲဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
အစိုးရကိုယ်စားလှယ်အဖွဲ့ကမူ UNFC တွင် မပါဝင်သည့် အဖွဲ့များဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်းပြောသည်။ UWSA နှင့် NDAA တို့ကိုမူ နောက်တပတ်တွင် တွေ့ဆုံနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။
ထို့အတူ သမ္မတ ဦးသိန်းစိန် အစိုးရက NCA လက်မှတ်ထိုးရေးကို ကန့်သတ်ခဲ့သော မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကိုလည်း တွေ့ဆုံဆွေးနွေးသွားမည် ဟုဆိုသည်။ တပ်မတော်ကမူ အဆိုပါသုံးဖွဲ့ကို NCA လက်မှတ်ရေးထိုးရေးစားပွဲဝိုင်းကို ပါဝင်လာရေးကို ယခင်အစိုးရ လက်ထက်တွင် ကန့်ကွက်ခဲ့သကဲ့သို့ ယခုအစိုးရ လက်ထက်တွင်လည်း ထိုသုံးဖွဲ့အပေါ် သဘောထားတင်းမာဆဲဖြစ်သည်။