မန္တလေးတိုင်း အမရပူရမြို့နယ် လင်းဇင်းကုန်းသချိုင်းရှိ ထိုင်းဘုရင်ဟောင်း ဥဒုမ္ပရအုတ်ဂူကို သုတေသနပြု မွမ်းမံနေသည့်အဖွဲ့အား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC)က ညွှန်ကြားထားကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥဒုမ္ပရယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဦးရဲမွန်က “ထိုင်းဘုရင်ဟောင်း ဥဒုမ္ပရပုံရဲ့ ပြာနဲ့အရိုးအိုးကို တွေ့တယ်ဆိုတဲ့သက်သေက အနည်းငယ်ပဲ ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့ DNA စစ်တာတွေနဲ့ အခြားစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေ လုပ်နေတဲ့အတောအတွင်းမှာ ရှာဖွေတူးဖော်တာကို ယာယီရပ်ဆိုင်းထားဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
ယခုပြုလုပ်နေသည့် ပြုပြင်မွမ်းမံမှုကို ဆက်လက်ပြုလုပ်သင့်မသင့် စိစစ်ရန်လိုအပ်ကြောင်းနှင့် ဥဒုမ္ပရအုတ်ဂူ၌ ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်းပစ္စည်းများက သမိုင်းပညာရှင်များအကြား အငြင်းပွားစရာဖြစ်လာသည်ဟု ဦးရဲမွန်က MCDC နှင့် ဥဒုမ္ပရအုတ်ဂူ သုတေသနအဖွဲ့တို့၏ အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
အုတ်ဂူအား ရှေးမူမပျက် ပြန်လည်တည်ဆောက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီမညီ၊ ထိုင်း-မြန်မာ ဆက်ဆံရေးကို ထိခိုက်မှုရှိမရှိဆိုသော အချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ဥဒုမ္ပရအုတ်ဂူ သုတေသနလုပ်ငန်းကို ဦးဆောင်သူတဦးဖြစ်သည့် ဦးဝင်းမောင်(တမ္ပဝတီ)က ထိုင်းဘုရင်ဟောင်းအုတ်ဂူကို မူလအခြေအနေအတိုင်း ပြန်လည်ထိန်းသိမ်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ထိုလုပ်ငန်းကို ထိုင်းဘုရင့် ဘဏ္ဍာတော်အဖွဲ့က ငွေကြေးထောက်ပံ့ထားသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စရာမရှိကြောင်း ပြောသည်။
ထို့အပြင် DNA စစ်ဆေးရန်လိုအပ်သည်ဟု ကော်မတီဘက်က ပြောဆိုနေသော်လည်း အချိန်သတ်မှတ်ပေးထားခြင်း မရှိကြောင်းနှင့် ကုန်ကျစရိတ်များသည့် ဆန်းစစ်မှုကို မည်သူကဆောင်ရွက်မည်ကိုလည်း မသိရှိရကြောင်း ဦးဝင်းမောင်က ဆက်ပြောသည်။
MCDC က လုပ်ငန်းများကို ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည့်အတွက် ရပ်ဆိုင်းရမည်ဖြစ်ပြီး၊ ထိုကိစ္စများကို သီတဂူဆရာတော်ထံသို့ အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်ဟု ဦးဝင်းမောင်(တမ္ပဝတီ)က ဆိုသည်။
ထိုင်းဘုရင့်အုတ်ဂူ ပြင်ဆင်မှု၊ တူးဖော်မှုများကို ရပ်ဆိုင်းထားရန် ယခင်ကလည်း မန္တလေးစည်ပင်သာယာရေးကော်မတီက ညွှန်ကြားခဲ့သဖြင့် ရပ်ဆိုင်းခဲ့သည်မှာ ၃ နှစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က သီတဂူဆရာတော်က မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်ထံ ခွင့်ပြုပေးပါရန် ပြန်လည်တောင်းဆိုခဲ့ရာ ပြီးခဲ့သည့်နှစ် ဧပြီလကုန်ပိုင်းတွင် ထိုင်းဘုရင့်ဂူကို ပြင်ဆင်မွမ်းမံခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ပြုပြင်ရေးအဖွဲ့က တောင်းဆိုထားသည့် လင်းဇင်းကုန်းရှိ အုတ်ဂူတည်ရှိရှာ မြေ ၄ ဧက နေရာအစား ၁ ဧက ခန့်ရှိသော မြေနေရာတွင်သာ မွမ်းမံခြင်းလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် သတ်မှတ်ခွင့်ပြုခဲ့သည်။
ထိုင်းဘုရင်ဟောင်း ဥဒုမ္ပရအုတ်ဂူ သုတေသနလုပ်ငန်းနှင့် ပြန်လည်မွမ်းမံသည့်အဖွဲ့တွင် မြန်မာနှင့်ထိုင်း ရှေးဟောင်းသုတေသန ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ကျွမ်းကျင်သူများ ပါဝင်ပြီး ထိုင်းဘုရင့်ဘဏ္ဍာတော်အဖွဲ့က ကနဦးတွင် ငွေကြေး ထိုင်းဘတ် သန်း ၄၀ (အမေရိကန်ဒေါ်လာ ၁.၁ သန်းကျော်) ထောက်ပံခဲ့ကြောင်း သိရသည်။